မိုင်းပန် ၂ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးမှ ယနေ့နံနက် ၇ နာရီက ကုန်းကျိုင်းကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာ၊ ညောင်ခုံးခမ်းဘုန်းတော်ကြီးကျောင်း၌ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့ မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ ပေးအပ်ရေး အစီအစဉ်အား လာမည့်ဘဏ္ဍာရေးနှစ်မှစတင်မည်ဖြစ်၍ အဆိုပါ အစီအစဉ်တွင် ပါဝင်နိုင်ရေးအတွက် အသိပညာပေး ဟောပြောခဲ့ပြီးနောက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃) ခုအား ဒေသခံပြည်သူများသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာတို့မှ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွဋ်ဦးရှိန် မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ခိုင် နှင့် ကျန်းမာရေးဝန်ထမ်းများမှ တက်ရောက်လာသော ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုဆန်း(မိုင်းပန်)


