မိုင်းဖြတ် ၂ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မိုင်းဖြတ် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနည်းစနစ်ဆိုင်ရာ အမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီက မြို့နယ်သစ်တောဦးစီဌာရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက် အဖွင့်အမှာစကားပြောရာ မိမိတို့ရပ်ရွာဒေသတွင် သာယာလှပရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ပြည်သူတစ်ဦးတစ်ယာက်ချင်းဆီက လိုက်နာဆောင်ရွက်နိုင်စေရေးနှင့် ယခုဖွင့်လှစ်သောသင်တန်းကို သင်ယူတတ်မြောက်ပြီးပါက မိမိတို့ရပ်ရွာဒေသများတွင် လက်တွေ့ကျကျ လိုက်နာဆောင်ရွက်နိုင်စေရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) သစ်တော ဦးစီးဌာန(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ခဲ့သည်။
သင်တန်းကို စက်တင်ဘာ ၂ရက်မှ ၆ရက်အထိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း နည်းစနစ် ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် မြန်မာ့သစ်တောမူဝါဒနှင့် သစ်တောဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ သစ်တောစိုက်ခင်းနှင့် ပျိုးဥယျာဉ်တည်ထောင်ခြင်း၊ သီးနှံသစ်တောရောနှောခြင်း၊ သဘာဝတောထိန်းသိမ်း ခြင်း စသည့်ဘာသာရပ်များကို သင်ကြားပေးသွာမည်ဖြစ်ပြီး အဆိုပါသင်တန်းကို သင်ယူတတ်မြောက် လေ့လာခြင်းဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောမှထွက်ရှိသည့် သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်း၊ အစား အစာထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တည်ဆဲဥပဒေနှင့်အညီ ရောင်းဝယ် ဖောက်ကားခြင်းနှင့် ဒေသခံပြည်သူအခြေပြု ခရီးသွားလုပ်ငန်းများ စသည့်အကျိုးရလဒ်များကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


