တပ်ကုန်း ၂ စက်တင်ဘာ
နေပြည်တော်တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဉီးစီးဌာန၊အမှတ်(၆၈)စက်မှုလယ်ယာစခန်းမှ ကြီးမှူးကျင်းပသည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ် စဉ်(၁/၂၀၁၉)သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂ရက် နံနက် ၁ဝနာရီက အဆိုပါဉီးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဉီးအေးမောင်စိန်က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး၊စက်မှုလယ်ယာဉီးစီးဌာန ညွှန်ကြားရေးမှူး (စီမံကိန်း-၁)(ရုံးချုပ်) ဒေါ်ယုယုခင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်သင်တန်းသားများအနေဖြင့် သင်တန်းဆရာက သင်ကြား ပို့ချပေးမှုများအား နားလည်သဘောပေါက်အောင် အာရုံစိုက်သင်ယူစေလိုကြောင်း၊ သင်တန်း ဆရာများနှင့်အပြန်အလှန်မေးမြန်းပြီး လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းနည်းများ တတ်မြောက်အောင် သင်ယူစေရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်စက်မှု လယ်ယာဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးကျော်ဝေက သင်တန်းသားများအား သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းဆက်လက်သင်ကြားပို့ချသည်။
အဆိုပါသင်တန်းကို ကျေးရွာ(၈)ရွာမှ သင်တန်းသား (၃၅)ဉီးတက်ရောက်ပြီး၊ သင်တန်းတွင် စာတွေ့၊လက်တွေ့ဖြင့် နှစ်ပတ်ကြာသင်ကြားပို့ချမည်ဖြစ်ကြောင်း စက်မှုလယ်ယာဉီးစီးဌာနမှ သိရသည်။
တင်စိုးလွင်(ပြန်ဆက်)


