ရေတာရှည် ၂ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁ ရက်နေ့ က ဆွာချောင်းတစ်လျောက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်းအချိန်မှစတင်ကာ ရေများပြန်လည်ကျဆင်းသွားခဲ့ရာ ချောင်းတလျောက်ရှိ နေရာအနှံ့အပြားတွင် ကမ်းပါးများပြိုကျလျက်ရှိပြီး ကမ်းပါးများပြိုကျမှုကြောင့် တောင်သူများစိုက်ပျိုးထားသည့် သီးနှံခင်းများစွာ ပျက်စီးဆုံးရှုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
“ရေပြန်ကျကတည်းက ပြိုကျတဲ့နေရာတွေမနည်းပါဘူး စပါးခင်း၊ နှမ်းစိုက်ခင်း၊ ယာခင်းသီး နှံခင်းတွေတော့ အတော်များများပါကုန်ပြီ။ အချို့နေရာတွေမှာ သရက်ပင်၊ ထန်းပင်နဲ့အရိပ်ရသစ်ပင်တွေ ပါချောင်းထဲပါကုန်တာ”တံတားကြီးကျေးရွာနေ ဒေသခံတစ်ဦးကပြောကြားသည်။
ဆွာချောင်းကို ဖြတ်ဆောက်ထားသည့် ရထားလမ်းတံတားအထက်ပိုင်း ချောင်းတောင်ဘက်ကမ်း တစ်လျှောက်နှင့် တံတားအောက်ဖက် ချောင်းမြောက်ဘက်ကမ်း၊ တံတားကြီး ကျေးရွာအောက်ဖက် ကညင်အိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးတွင်လည်းကောင်း၊ ရေနီးကျေးရွာ နှင့် သရက်တော ကျေးရွာအကြားနေရာများတွင် ချောင်းကမ်းများပဲကျလျက်ရှိသည်ကို ယနေ့ နံနက်ပိုင်းကတွေ့ရှိခဲ့ရသည်။
ရိုးမတောင်ပေါ်ဒေသမှ စတင်စီးဆင်းလာသည့် ဆွာချောင်းသည် မိုးရာသီကာလတွင် ရေစီးအလွန်သန်သော ချောင်းတစ်ခုဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် ရေစီးကြောင်းပြောင်းလဲမှုများကြောင့် နှစ်စဉ် ယခုကဲ့သို့ ကမ်းပြိုကျမှုများကြုံ တွေ့နေကြရခြင်းဖြစ်သည်။
ကိုလွင်(ဆွာ)


