တနင်္သာရီ ၂ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သြဂုတ်လ(၂၇)ရက်မှစ၍ (ဒုတိယ အကြိမ်) စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး တနင်္သာရီမြစ်ရေထပ်ကြီးနေမှုကြောင့် ယနေ့နံနက်ပိုင်းတွင် အခြေခံပညာကျောင်း(၄)ကျောင်းအား ယာယီထပ်ပိတ်လိုက်ရကြောင်း ၊ အဆိုပါကျောင်းများမှာ အထက-ညောင်ကွင်းရွာ၊ အမက-ပိန်းတောရွာ၊ အမက-ကျွန်းရှည်ရွာနှင့်အမက-ဖိုးမဲကျေးရွာတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
ယင်းကဲ့သို့ ဒုတိယအကြိမ်မြစ်ရေထပ်ကြီးနေမှုဖြစ်စဉ်အရ သြဂုတ်လ(၃ဝ)ရက်နေ့ကကျောင်း(၇)ကျောင်း၊ သြဂုတ်(၃၁)ရက်နေ့က ကျောင်း(၄)ကျောင်းနှင့် ယခုကျောင်း(၄)ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း (၁၅) ကျောင်းကိုယာယီပိတ်ထားရသဖြင့် ယာယီပိတ်ထားရသော အထက(၂)ကျောင်း၊ အလက(၄)ကျောင်းနှင့်မူလတန်းအဆင့်(၉)ကျောင်း...စုစုပေါင်း(၁၅)ကျောင်းမှ အထက်တန်းအဆင့်(၆၃၂)ဦး၊ အလယ်တန်းအဆင့်(၁၄၇၂)ဦး နှင့်မူလတန်းအဆင့်(၁၉၆၉)ဦးစုစုပေါင်း ကျောင်းသူ/ကျောင်းသား(၄ဝ၇၃)ဦးရှိကြောင်း သိရှိရသည်။
အဆိုပါကျောင်းများအား ကျောင်းဝင်းအတွင်းနှင့်ကျောင်းသွားလမ်းများမှာ မြစ်ရေမြစ်ရေဝင်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကျောင်းသူ/သားများအန္တရာယ် မဖြစ်ပွားစေရန်အတွက် ယာယီပိတ်ခဲ့ရ ခြင်းဖြစ်ကြောင်း၊ ၄င်းကျောင်းများ၏ယာယီပိတ်ရက်များကိုစနေ/တနင်္ဂနွေ/အဖိတ်နေ့များမှာ အစားထိုး၍ပြန်လည် ဖွင့်လှစ်သင်ကြားပေးသွားရန် စီစဉ်ထားရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းယုကပြောကြားသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


