တာချီလိတ် ၂  စက်တင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရှိ ရန်အောင်မြေအခြေခံပညာအလယ်တန်း ကျောင်းဝန်းအတွင်း၌ ယမန်နေ့ညက မိုးရွာ သွန်းမှုကြောင့် သစ်ပင်တစ်ပင်လဲကျကာ ယောကျာ်းကလေးတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ဒဏ်ရာရရှိခဲ့သည်။

 

mdn

 

စက်တင်ဘာ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့် KG တန်းများ ကျောင်းဆင်းချိန်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ရန်အောင်မြေအခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်ဘေးကပ်လျက်ရှိသည့် စိန်ပန်းပင်သည် ရုတ်တရက်လဲကျသွားရာ ကျောင်းရှေ့ရှိ အုတ်တံတိုင်းတစ်ခန်း ပျက်ဆီးသွားကြောင်း၊ လျှပ်စစ်မီးတိုင် တစ်တိုင်၊ ဆက်သွယ်ရေးတိုင် တစ်တိုင်၊ အင်တာနက် ဖိုက်ဘာကြိုးသွယ်တန်းသည့် တိုင်တစ်တိုင်၊ မော်တော်ယာဉ် တစ်စီးနှင့် ဆိုင်ကယ် နှစ်စီးတို့ ပျက်ဆီးဆုံး ရှုံးခဲ့ပြီး ကလေးငယ် တစ်ဦးမှာ ဒဏ်ရာ (မစိုးရိမ်ရ)နှင့် အမျိုးသားတစ်ဦးမှာ ဒဏ်ရာ (မစိုးရိမ်ရ)နှင့် နောက်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ကို ရရှိခဲ့ပြီး ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာဌာန၌ ဆေးကုသလျက်ရှိသည်။

“KG တန်းကျောင်းဆင်းချိန်မှာ ဖြစ်သွားတာပါ၊ ကျောင်းနဲ့ ကျောင်းအုတ်တံတိုင်းကြားက စိန်ပန်းပင် တစ်ပင် လဲကျသွားတာ။ အသံက ကျယ်တော့ အားလုံးလန့်သွားကြတယ်၊ သစ်ပင်လဲကျချိန်မှာ ကားတစ်စီးနဲ့ ဆိုင်ကယ်တွေဖြတ်သန်းတဲ့အချိန်ဖြစ်သလို၊ ကလေးတွေကို လာရောက်ကြိုတဲ့သူတွေကလည်း စုံနေတဲ့အချိန်ဖြစ်တော့ ကလေး တစ်ယောက်နဲ့ ကျောင်းလာကြိုတဲ့ လူကြီးနှစ်ယောက်တော့ ဒဏ်ရာရသွားကြတယ်” ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။

မြင့်မိုရ်(တာချီလိတ်)