ပွင့်ဖြူ ၂ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပွင့်သာမြေစာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် မြန်မာစာပေ ဖွံ့ဖြိုးရေးပံ့ပိုးကူညီမှုနှင့် လူမှုကူညီရေးပရဟိတအသင်း(MBAPF) တို့ ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ဒီဂျစ်တယ်နည်းပညာ အသုံးပြုပုံနည်းစနစ်များ သိရှိနိုင်ရန်နှင့် ဒီဂျစ်တယ်သတင်းနှင့် ပတ်သက်ပြီး စနစ်တကျ အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ဒီဂျစ်တယ်သတင်းနှင့် သက်ဆိုင်သော သိနားလည်ခြင်းဆိုင်ရာ လေ့ကျင့်မှုသင်တန်းကို ဩဂုတ် ၃၁ ရက်နေ့မှ စတင်ကာ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာရှိ ရောင်ခြည်သစ် စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားပေးနေကြောင်း ပွင့်ဖြူမြို့နယ် ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အသင်းဝင် စာရေးဆရာမ ဟင်္သာမြေ သက်ထားဝေ ထံမှ သိရသည်။
အဆိုပါ သင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ သင်တန်းသားဦးရေ ၂၅ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းတွင် မြန်မာစာပေ ဖွံ့ဖြိုးရေးပံ့ပိုးကူညီမှုနှင့် လူမှုကူညီရေးပရဟိတအသင်း(MBAPF) ICT နည်းပညာကျွမ်းကျင်ပညာရှင် ဆရာ ဦးမိုးကျော်ကျော်၊ ဦးစိုင်းမြတ်ဇင်ထွန်းနှင့် ဦးရဲဖြိုးအောင်တို့က ကွန်ပျူတာ စနစ်တကျကိုင်တွယ်အသုံးပြုနည်းများ၊ E-Mail & You Tube အသုံးပြုပုံနည်းစနစ်များ၊ Power Point & Excel ပြုလုပ်နည်းစနစ်များ၊ အွန်လိုင်းမီဒီယာနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ ဒီဂျစ်တယ်စနစ်ဖြင့် သတင်းအသုံးပြုနည်းစနစ်များနှင့် ဒီဂျစ်တယ်သတင်းများ သိနားလည်မှုဆိုင်ရာ အကြောင်းအရာများကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိပြီး အဆိုပါ သင်တန်းအား ဩဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ယခု သင်တန်းပြီးသွားပါက စက်တင်ဘာ ၄ ရက်နေ့တွင် ဆရာ၊ ဆရာမ သင်တန်းသား ၂၄ ဦးဖြင့် ဒုတိယအကြိမ် ဖွင့်လှစ် ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပွင့်သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဆရာကြီး ဦးကျော်စိုးထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


