နေပြည်တော် ၂ စက်တင်ဘာ
၂၀၁၉ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအနေဖြင့် အဆိုပါပြပွဲသို့ စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ ဝင်ရောက်သတင်းရယူနိုင်မည်ဖြစ်ပြီး ပြပွဲအရောင်းစာရင်းအချက်အလက်များနှင့်ပတ်သက်၍ မဏိရတနာ ကျောက်စိမ်းခန်းမရှိ နဝရတ်ကိုးသွယ်ဂိတ်၌ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်သွားမည်ဖြစ်သည်။
သို့ဖြစ်၍ သတင်းတက်ရောက်ရယူလိုသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအနေဖြင့် ဝင်ခွင့်ပြုလုပ်နိုင်ရေးအတွက် စက်တင်ဘာ ၁၂ ရက် နောက်ဆုံးထား၍ သတ်မှတ်ပုံစံ ဖြည့်စွက်ကာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်သည်။
သတ်မှတ်ပုံစံများအား မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းတွင် ရယူနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ဖုန်း ဝ၆၇ ၄၁၂၁၂၄၊ ၄၁၂၁၂၅ သို့လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၊ စီမံရေးရာလုပ်ငန်းကော်မတီ၊ ဖုန်း ဝ၆၇ ၄၁၄၄၉၇ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


