နေပြည်တော် ၂ စက်တင်ဘာ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန် က  လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာစာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက ပြည်တွင်းပဋိပက္ခကို နှစ်ပေါင်းများစွာ ကြုံလာခဲ့ရသည့် မိမိတို့နိုင်ငံအတွက် ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်းရှိ ကလေးသူငယ်များ၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကောင်းဆုံး  အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များသည် များစွာအရေးပါပါကြောင်း၊ ယခု အခြေပြစာချုပ်၏ ဦးတည်ချက်သည် အသက် ၁၈ နှစ်အောက်ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းခြင်း၊ အသုံးပြုခြင်းမှ ကာကွယ်တားဆီးရန်အတွက် ဖြစ်ပြီး မိမိတို့နိုင်ငံသည် ကလေးစစ်သားအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊ ယခု အခြေပြစာချုပ်ကို အတည်ပြုပါဝင်ပြီးနောက် တရားမဝင်သော နည်းလမ်းဖြင့် ကလေးစစ်သားစုဆောင်းမှုကို ကာကွယ် တားဆီးရန် ခေတ်မီစနစ်ကျသည့် နည်းပညာများဖြင့် လိုအပ်သည့် လုပ်ထုံးလုပ်နည်း များ၊  အသက် စစ်ဆေးသည့် ယန္တရားများ ခိုင်မာမှုရှိရန် ပြုလုပ်သင့်သည်ကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံက စာချုပ်၏ အဓိက ဦးတည်ချက်သည် လက်နက်ကိုင်ပဋိပက္ခအတွင်း အသက်(၁၈)နှစ်အောက် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းအသုံးပြုခြင်းမှ ကာကွယ်တားဆီးရန် ဖြစ်ပါကြောင်း၊ နိုင်ငံပေါင်း ၁၉၇နိုင်ငံအနက် ၁၆၈နိုင်ငံသည် နောက်ဆက်တွဲ အခြေပြစာချုပ်တွင်  လက်မှတ်ရေးထိုးအတည်ပြုထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သည် အာဆီယံနိုင်ငံများအကြားတွင် လက်မှတ်ရေးထိုးအတည်ပြုခြင်း မရှိသေးသည့် တစ်ခုတည်းသော နိုင်ငံဖြစ်နေပါကြောင်း၊ ထို့ကြောင့် လက်မှတ်ရေးထိုးအတည်ပြုခြင်း ဖြင့် အမျိုးသားအဆင့် မူဘောင်ဖြစ်ပေါ်လာ မည်ဖြစ်ပြီး ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန်အတွက် NCA လက်မှတ်ရေးထိုးသူများနှင့် ပူးပေါင်းဆောင်ရွက်နိ်ုင် မည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးကို နိုင်ငံတကာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံတကာမျက်နှာစာတွင်  မြန်မာနိုင်ငံ၏ ပုံရိပ်ကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံရေးကတိကဝတ်တစ်ရပ်ကို ဖော်ဆောင်ပေးရာဖြစ်သည့်အတွက် အတည်ပြုပါဝင်ပေးနိုင်ရေးအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးနေကျော်က အဆိုပါ နောက်ဆက်တွဲ  စာချုပ်ကို အတည်ပြုပါဝင်ခြင်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်ပတ်သက် နေသည့် အရွယ်မရောက်သေးသော ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးရေးအတွက် မြန်မာနိုင်ငံတွင် ကြိုးပမ်းဆောင်ရွက်နေမှုများကို ပိုမိုပြသရာရောက်ပါကြောင်း၊ ထို့ပြင် အရွယ်မရောက်သေးသူများအား လက်နက်ကိုင် တပ်ဖွဲ့များတွင် အသုံးပြုသည့်စာရင်းမှ ပယ်ဖျက်နိုင်ရန် အထောက်အကူဖြစ်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာစာမျက်နှာတွင်လည်းမြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးသင့်ပါကြောင်း ဆွေးနွေးသည်။  

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ တာမွေ မဲဆန္ဒနယ်မှ ဦးစိုးဝင်း၊ သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်၊ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါ်လှဌေး(ခေါ်) ဒေါ်အုန်းကြည်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူ၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်၊ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၊ ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေနှင့် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်တို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် အဆိုပါ နောက်ဆက်တွဲ အခြေပြစာချုပ်တွင် ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် တပ်မတော်၏ပုံရိပ်ကိုလည်း တိုးတက်ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအခွင့် အရေး ကာကွယ်မြှင့်တင်ရေးအတွက်လည်း မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုမှာ အပြုသဘော တိုးတက်မှုတစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ် တော်မှ အဆိုပါစာချုပ်ကို အတည်ပြုရန်အတွက် သဘောတူလိုက်မည်ဆိုပါက မိမိတို့ အနေဖြင့် လာမည့် စက်တင်ဘာလလယ်တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အတည်ပြုကြောင်း စာချွန်လွှာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးကို ပေးအပ်နိုင်မည့် အနေအထား ရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ စာချုပ်ကို အတည်ပြုရေးအတွက် မိမိအနေဖြင့် လေးစားစွာထောက်ခံတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြု ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေး ဝန်ကြီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်လမ်းများ ဆက်သွယ်ရေး စီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ထံမှ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂၀ သန်းချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရွှေတောင်မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦးက မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ကျေးလက်လမ်း ဖောက်လုပ်သော  လုပ်ငန်းအတွေ့အကြုံများ ရရှိထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့်  မြေပြင်အခြေအနေ၊ ကုန်ကျစရိတ်များ၊ အလေအလွင့်ရှိ၊ မရှိ အားလုံးကို မြေပြင်တွင် လက်တွေ့ကျကျသိရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ အစိုးရဌာနများနှင့် ကုမ္ပဏီများ၏ ဆောင်ရွက်မှု အားသာချက်၊ အားနည်း ချက် တို့ကိုလည်း သိရှိခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်းတွင် ဖော်ပြထားသည့် ရလဒ် (၁)(၂)(၃)တို့၏ ခေါင်းစဉ်များအောက်တွင် ငွေကြေးပမာဏအသုံးစရိတ် များစွာ ပါဝင်မည်ကိုလည်း ခန့်မှန်းမိပါကြောင်း၊ အကျိုးရှိ ထိရောက်သည်ထက် ကုန်ကျစရိတ် ပိုနေပြီး အတိုးလည်း ပေးရမည်ဖြစ်ပါကြောင်း။

ကျေးလက်ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်သည်  မြို့နယ် တိုင်း လိုအပ်နေသောကြောင့် မြို့နယ်အားလုံး ဖွံ့ဖြိုးမှုညီမျှအောင် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ပြည်ပ ချေးငွေ ရယူပြီး ကျေးလက်လမ်းများအဆင့်မြှင့်တင်ပေး ခြင်းကို မျှော်လင့်လိုလားသော် လည်း ကုန်ကျငွေပမာဏ များပြားပြီး အကျိုးခံစားရမည့် ဧရိယာနည်းသည့် ထိုစီမံကိန်းကို ပြန်လည်သုံးသပ်ပေးစေ လိုပါကြောင်း ဆွေးနွေးသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ချေးငွေ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂၀ သန်းသည် မြန်မာကျပ်ငွေအားဖြင့် ၇၇ ဘီလီယံ ကျော်ရှိပါကြောင်း၊ ကျေးလက် လမ်းများ ဆက်သွယ်ရေးစီမံကိန်းကို ကျေးလက်လမ်းအရှည် ၁၅၂ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၅ မိုင် ခန့်ကို အဆင့်မြှင့်တင်ပြီး ရလဒ် (၃) ခုဖြင့် ဆောင်ရွက် သွားမည်ကို တွေ့ရပါကြောင်း၊ ကျေးလက်လမ်းများကို အဆင့်မြှင့် တင်ခြင်းသည် ကျေးလက်နေ ပြည်သူများအတွက် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သော်လည်း ကုန်ကျငွေနှင့် ထိုက်တန်သည့် အရည်အသွေး ပြည့်မီသော လုပ်ငန်းပမာဏများရရှိပြီး အမှန်တကယ် ကုန်ကျသင့်သည်ထက် အဆများစွာသုံးစွဲလျာထားခြင်း မဖြစ်ရန်မှာလည်း များစွာ အရေးကြီးပါကြောင်း။

ကျေးလက်လမ်း ဖွံ့ဖြိုးရေးမဟာဗျူဟာကို ရေးဆွဲထားပြီးဖြစ်သော်လည်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်းများ မရှိသည့်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် ကိုက်ညီစေရန် အကောင်အထည်ဖော်ရန်လိုအပ်ပါကြောင်း၊ ကျေးလက် လမ်းများ ဆက်သွယ်ရေးစီမံကိန်းကို ရလဒ် (၃)ခုဖြင့် ဆောင်ရွက်ရာတွင် ကုန်ကျမည့် စရိတ်များနှင့် နှိုင်းယှဉ်ပါက ရရှိသည့် အကျိုးရလဒ်နည်းပါးမှုများကြောင့် ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ ကုန်ကျစရိတ်နှင့် ထိုက်တန်သော ကျေးလက်လမ်း မိုင်အရှည် ပိုမိုရရှိစေရေးအတွက် အကြံပြုလိုပါကြောင်း  ဆွေးနွေးသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)မှ ဦးချစ်ထွေးတို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို စက်တင်ဘာ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်