တောင်သာ  ၂   စက်တင်ဘာ


မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိရုံး တောင်သာမြို့အုပ်ချုပ်မှုအောက်ရှိ ရေလှောင်တမံများ၏ အရေးပါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (EPP) ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ(၂)ရက်၊ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆွေဝင်းက ရေလှောင်တမံများ၏ အရေးပါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergency Preparedness Plan- EPP)အကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။


အရေးပေါ်အခြေအနေ(အဆင့်-၁) သတ်မှတ်ရာတွင် ရေပိုလွှဲမှ ရေစတင်ကျော်သည်နှင့် အရေပေါ်အခြေအနေ အဆင့်(၁) အဖြစ် သတ်မှတ်ပါသည်။ အရေးပေါ်အခြေအနေ(အဆင့်-၁) ဖြစ်ပေါ်လာပါက ပြည်သူများသို့  ဆက်သွယ်အသိပေးသွားမည်ဖြစ်ပြီး အများပြည်သူများ မြင်သာသောနေရာနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များတွင် အစိမ်းရောင်အလံလွှင့်ထူသွားမည်ဖြစ်သည်။ အရေးပေါ်အခြေအနေ(အဆင့်-၂) သတ်မှတ်ရာတွင် ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက်မြင့်တက်လာပြီး မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် (Maximum High Flood Level) သို့ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှုဖြစ်ပေါ်နိုင်သည်။ အရေးပေါ်အခြေအနေ(အဆင့်-၂) ဖြစ်ပေါ်လာပါက ပြည်သူများသို့ ဆက်သွယ်အသိပေးသွားမည်ဖြစ်ပြီး အများပြည်သူများ မြင်သာသော နေရာနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အဝါရောင်အလံ လွှင့်ထူခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ အရေးပေါ်အခြေအနေ(အဆင့်-၃)သတ်မှတ်ရာတွင် ရေပိုလွှဲမှ ရေကျော်စီးထွက်နေမှုမှာ မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် (Maximum High Flood Level) ထက်ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံကျိုးပေါက် ပျက်စီးစေနိုင်သည့် အခြေအနေ ဖြစ်ပေါ်လာနိုင်သည်။ ကန်တွင်းရေမှတ်မှာ Crest Level ရောက်ရန်(၁)ပေခန်ပသာလိုပြီး ဆက်လက်မြင့်တက်လျက်ရှိသော တမံကိုယ်ထည်ပေါ် ရေကျော်၍ တမံကျိုးပေါက်နိုင်မည့်အခြေအနေရှိခြင်း၊ တမံ Crest U/S နှင့် D/S Slope များတွင် အက်ကြောင်းများဖြစ်ပေါ်မှု ပိုမိုကြီးမားများပြားလာပြီး ရေစိမ့်ထွက်မှုလည်း ပိုမိုများပြားလာကာ တမံကျိုးပေါက်နိုင်မည့် အခြေအနေရှိလာခြင်း တို့ဖြစ်သည်။အရေးပေါ်အခြေအနေ (အဆင့်-၃) ဖြစ်ပေါ်လာပါက  ပြည်သူများသို့ ဆက်သွယ်အသိပေးသွားမည်ဖြစ်ပြီး အများပြည်သူများ မြင်သာသောနေရာနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အနီရောင်အလံ လွှင့်ထူခြင်း၊ အသံချဲ့စက်ဖြင့်လှည့်လည်ကြေငြာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။


တောင်သာမြို့နယ်အတွင်းရှိ ဆည်များမှာ ကျောက်တစ်လုံးရေလှောင်တမံနှင့် ကျောက်တစ်လုံး(ရေကူ)ရေ လှောင်တမံ၊ ဆင်တဲဝရေလှောင်တမံ၊ ဝဲလောင်ရေလှောင်တမံနှင့် တောင်သာရေလှောင်တမံများဖြစ်သည်။ 

 

ဆက်လက်၍စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆွေဝင်းမှ  အလံများပေးအပ်ခဲ့ရာ   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က လက်ခံရယူခဲ့သည်။


အခမ်းအနားသို့ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)