နေပြည်တော် ၂ စက်တင်ဘာ
ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) စမ်းသပ်ခွင့်ပြုမှုကို တစ်နှစ် သက်တမ်းတိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ပိုမိုလာရောက်ရေးကို ဦးတည်၍ ခရီးသည်များ ဝင်ရောက်လည်ပတ်မှု ပိုမိုလွယ်ကူစေရေးအတွက် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံသား များ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့် ခရီးသည်များအတွက် ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ဖြင့် လည်းကောင်း၊ တရုတ်နိုင်ငံသား ခရီးသည်များအနက် လေကြောင်းဖြင့် လာရောက်သည့် ခရီးသည်များ အတွက် ကမ္ဘာလှည့်ဗီဇာကို(Tourist Visa) ဆိုက်ရောက်ဗီဇာ (Visa On Arrival) ဖြင့် လည်းကောင်း ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်၍ ဝင်ရောက်ခွင့်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံသား ခရီးသည်များအနက် လေကြောင်းဖြင့် လာရောက်သည့် ခရီးသည်များကို ဆိုက်ရောက် ဗီဇာ(ကမ္ဘာလှည့်) Visa On Arrival (Tourist) ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ စမ်းသပ်ကာလ တစ်နှစ် သတ်မှတ် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံသားများ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် Tourist Visa ကို ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ဖြင့် ခွင့်ပြုထားမှုနှင့် လေကြောင်းဖြင့် လာရောက်သည့် တရုတ်နိုင်ငံသား ခရီးသည်များ အတွက် ကမ္ဘာလှည့်ဗီဇာ(Tourist Visa )ကို ဆိုက်ရောက်ဗီဇာ (Visa On Arrival) ဖြင့် ခွင့်ပြုထားမှုကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ လည်းကောင်း၊ လေကြောင်းဖြင့် လာရောက်သည့် အိန္ဒိယနိုင်ငံသား ခရီးသည် များကို ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa On Arrival (Tourist) ဖြင့် ခွင့်ပြုထားမှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိလည်းကောင်း စမ်းသပ်ကာလ (၁) နှစ်စီ ထပ်မံ သက်တမ်းတိုးခွင့်ပြု သွားမည်ဖြစ်သည်။
အဆိုပါ ဗီဇာဆိုင်ရာကိစ္စရပ်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)


