ရန်ကုန် ၂ စက်တင်ဘာ 


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ နှစ်ပေါင်း(၁၅၀)ကျော် သက်တမ်းကြာမြင့်ပြီးဖြစ်သော ဒလသင်္ဘောကျင်းသို့ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် နှင့် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ (ခေတ္တ) ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ဒလသင်္ဘောကျင်းခန်းမ၌ ဒလသင်္ဘောကျင်း၏ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သင်္ဘောကျင်း၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့သည်။ ထို့နောက် လာရောက်လေ့လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက ဒလသင်္ဘောကျင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးဖြစ်၍ ပြန်လည်အဆင့်မြှင့်တင်ပေးရန်အစီအစဉ်ရှိ/မရှိ၊  ရေကြောင်းပညာရပ်များ သင်ကြားလေ့လာနိုင် သည့် သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် ပတ်သက်၍  မေးမြန်းခဲ့ရာ  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ 


ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တွန်းရေယာဉ် (၁)စီးနှင့် ကွန်တိန်နာတင်တွဲယာဉ် (၂)စီး ဆောက်လုပ်နေမှုကို ဒလသင်္ဘောကျင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။


ဒလသင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်း(၆)ခု အနက် ရှေးအကျဆုံးနှင့် အကြီးဆုံး သင်္ဘောကျင်းကြီး တစ်ခုဖြစ်ပြီး ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးကာလတွင် တည်ဆောက်ခဲ့ရာ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းကြာမြင့်ပြီးဖြစ်ကြောင်း၊ ၁၈၆၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် IRRAWADDY FLOTILLA CO.LTD ပုဂ္ဂလိက ကုမ္ပဏီမှ လွန်းကျင်းလုပ်ငန်းများကို တိုးချဲ့မွန်းမံတည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများ အရသိရသည်။ 


မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် အဆိုပါ ကုမ္ပဏီအား ပြည်သူပိုင်ပြုလုပ်ခဲ့ရာ နိုင်ငံပိုင်သင်္ဘောကျင်းကြီးတစ်ခုဖြစ်လာခဲ့ပြီး ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ အမည်ဖြင့် လည်းကောင်း၊ ၁၉၇၁ ခုနှစ် မတ်လ(၁)ရက်နေ့တွင် ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း အမည်ဖြင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အမည်ဖြင့် လည်းကောင်း ပြောင်းလဲ၍ လုပ်ငန်းများကို ယနေ့အချိန်အထိ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


လက်ရှိတွင် ရေယာဉ်၊ စက်မဲ့တွဲနှင့် ဆိပ်ခံတွဲ စုစုပေါင်း(၂၅၉)စီး ရှိပြီး နှစ်စဉ် ခရီးသည် ပျှမ်းမျှ(၁၅.ဝ၆) သန်းခန့် နှင့် ကုန်တန်ချိန် ပျှမ်းမျှ(၂.ဝ၇) သန်းခန့် သယ်ယူပို့ဆောင်ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ ရည်မှန်းချက်အနေဖြင့် ခရီးသွားပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းဖြင့် နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိရာ ကုန်းလမ်း၊ လေကြောင်းလမ်း၊ မီးရထားလမ်း စသည့် သယ်ယူပို့ဆောင်မှု နည်းလမ်းများ မည်မျှပင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေကာမူ မြန်မာနိုင်ငံရှိ ဒေသအနှံအပြားရှိ ရေယာဉ်များ သွားလာနိုင်သည့် မြစ်များ၊ ချောင်းများကြောင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်နိုင်သည့် ရေကြောင်း ပို့ဆောင်မှု လုပ်ငန်းများမှာ အထူးအရေးပါသော ကဏ္ဍမှ ပါဝင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


သတင်းနှင့်ဓာတ်ပုံ - နိုင်လင်းကျော်(ဒလ)

 

12.3