ရန်ကုန် ၂ စက်တင်ဘာ
မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းနှင့် သစ်အခြေခံအနုပညာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် သစ်အခြေခံပန်းပွတ်အနုပညာ သင်တန်းအမှတ်စဉ် ၁ / ၂၀၁၉ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ(၂) ရက် နံနက်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃၆) ရပ်ကွက်၊ ပင်လုံလမ်းမကြီးရှိ မြောက်ဒဂုံသစ် အခြေခံစက်မှုနည်းပညာ သင်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံသစ်တောထွက် ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း ကအဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အသင်းဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း ကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သစ်အခြေခံအနုပညာအသင်း ဥက္ကဋ္ဌ ဦးသိန်းထိုက်ဦး ကပြောကြားရာတွင်သစ်နှင့် ဆက်နွယ်သည့် ပန်းပု၊ ပန်းပွတ် လုပ်ငန်းများဆောင်ရွက်နေသည့် ပညာရှင်များ ဘဝတိုးတက်စေရန် အလုပ်အကိုင်နှင့် ဈေးကွက်ပေါ်ထွန်းလာပြီး တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် အသက်ကန့်သတ်ချက်မရှိဘဲ စူးဆောက်ကိရိယာကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ပါက တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ပန်းပုပညာရပ်တွင် အနုပညာခံစားပြီးအတတ်ပညာဖြင့် ပေါင်းစပ်ကာ ထုလုပ်သည့်ပန်းပုပစ္စည်းများသည် တန်ဖိုးမြင့်မားလာကြောင်း ပြည်တွင်း ဈေးကွက်ကို မှီခိုနေရာမှ ကုန်စည်ပြပွဲနှင့် အရောင်းဆိုင်များမှတစ်ဆင့် ပြည်ပသို့တင်ပို့နေမှုလည်းရှိကြောင်း ပြောကြားသွားသည်။
ထို့နောက် သစ်တောပညာရှင် ဦးဝင်းကြည်နှင့် သစ်အခြေခံ အနုပညာအသင်းနာယက ဦးမောင်မောင်ကျင်တို့က အမှာစကားပြောကြားသည် သင်တန်းသို့ ရန်ကုန်တိုင်းမှ သင်တန်းသား (၂၃) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၆) ရက်ကြာမြင့် မည်ဖြစ်သည်။ သစ်ပွတ်လုံး၊ ပုတီး တို့ကို စာတွေ့လက်တွေ့ပေါင်း စပ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်သူရ


