ရန်ကုန် ၃  စက်တင်ဘာ 
   
 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(သန်လျင်) ဘွဲ့နှင်းသဘင်ခန်းမတွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် လည်းကောင်း၊ မွန်းလွဲ ၁နာရီတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့သည်။
    

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းအတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များအား ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေလျာထား ဆောင်ရွက်နေမှုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ဆောင်ရွက်နေမှုများ ဝန်ထမ်းများနှင့် ပြည်သူများ အိမ်ရာရရှိရေး၊ တန်ဖိုးသင့် အိမ်ရာများ တည်ဆောက်နေမှု အစီအစဉ်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့သည်။
    

ထို့နောက် တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားသမဂ္ဂနှင့် ဆရာသမဂ္ဂများ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
    

အဆိုပါတွေ့ဆုံပွဲတွင်  တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ) ဆရာ၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


သက်ခိုင် (သန်လျင်)