မကွေး ၃ စက်တင်ဘာ 

မြန်မာနိုင်ငံ၏ ဒေသမျိုးစိတ် တိုင်ရင်းကြက်မျိုးကို  ကြက်မကိုးအုပ်ထား၍ ကိုးလမွေးမြူလျှင် တစ်နှစ်စာပတ်လည် စားသုံး၍ လုံလောက်မှုရှိသဖြင့် စားဝတ်နေရေးအတွက် မွေးမြူသင့်ကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

အင်ပင်ဝ၊ စစ်တကောင်း၊ ကြက်တောင်ပျံ၊ လည်ပြောင် စသည့် ဒေသမျိုးစိတ် ကြက်အမျိုးအစားများကို ကျေးရွာများတွင် မွေးမြူလေ့ရှိပြီး ဖွဲ၊ ဆန်ကွဲ၊ ကန်စွန်းရွက်တို့ကို ကြက်စာအဖြစ် ကျွေးလေ့ရှိကာ အချို့သောမွေးမြူသူများက အာဟာရ ဖြစ်သည့် နေဗီယာမြက်များကိုပါ ကျွေးကြသည်။ 

“ကြက်မရမ်းမတစ်ကောင်က ကိုးလဆိုရင် ကြက်ထီးနဲ့ယဉ်ပါးပြီး ဥတွေစဥပါတယ်။ အနည်းဆုံး ၁၂လုံး လောက် ဥတယ်။ နောက်ပြီးဝပ်တယ်။ အကောင်ပေါက်တယ်။ သုံးလလောက်နေရင် မိခင်ကြက်မကြီးနဲ့ကလေးတွေကို သားခွဲပေးရင် နောက်တစ်ကြိမ်ပြန်ပြီး ဥကြတယ်။ တစ်နှစ်မှာ ကြက်မတစ်ကောင်က သုံးသားလောက် ပေါက်တယ်။ ဆိုတော့ ကြက်မ ကိုးကောင်သာ တစ်ပြိုင်တည်း ၁၂ကောင် ကြက်အုပ်စုလေးတွေ ဖြစ်ထွန်းလာရင် ထပ်ပြီး ထပ်ပြီး ပွားပွားလာလို့ ရှေးလူကြီးတွေက စာဆိုတောင်ထားခဲ့ရတယ်။ ကြက်ကိုးမ ကိုးလမွေး တစ်နေ့တစ်ကောင်ချက် တစ်သက်စားမကုန် ဆိုပြီး --” ဟု တိုင်းရင်းကြက် မွေးမြူသူ ဦးအဲမွန်ဖေ က ရှင်းပြသည်။ 

ဒေသမျိုးစိတ် တိုင်းရင်းကြက်မှာ နိုင်ငံခြားမျိုးဥစားကြက်ကဲ့သို့ နေ့စဉ်မဥကြသော်လည်း ဓာတုကင်းလွတ်ကာ အာဟာရတန်ဖိုးမြင့်မားသဖြင့် ဆေးဖက်ဝင်အဖြစ် တန်ဖိုးထားသူများသကဲ့သို့ အသားစားသုံးမှုတွင်လည်း နိုင်ငံခြားမျိုး အသားစား ကြက်ထက် ပို၍ကြိုက်နှစ်သက်ကြောင်း ၎င်းကဆက်၍ ရှင်းပြသည်။

“ ကျွန်မတို့ မကွေးခရိုင်အတွင်းမှာ တိုင်းရင်းကြက်ကောင်ရေ ၁၇သိန်းလောက် မွေးမြူနေပြီးတော့ တစ်နှစ် ထက်တစ်နှစ် မွေးတဲ့သူတွေများလာတယ်လို့ သိရပါတယ်။ အပူပိုင်းဒေသမှာ ကြက်လည်လိမ်ရောဂါတွေအဖြစ်များတာကြောင့် အိုင်တူး I2 မျက်စဉ်းအခမဲ့ ဖြန့်ဝေခြင်းကို စီမံချက်ချပြီး လုပ်ဆောင်နေပါတယ် ” မကွေးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာလှလှပြုံး က ဆိုသည်။

တိုင်းရင်းကြက် ဥတစ်လုံးကို(၃၀ဝ)ကျပ်၊ ကြက်သားတစ်ပိဿာကို(၁)သောင်းကျပ်ဝန်းကျင် ပေါက်ဈေးဖြင့် ရောင်းချနေရပြီး ကျေးရွာနေတောင်သူများအနေဖြင့် စိုက်ပျိုးရေးအပြင် တစ်နိုင်တစ်နိုင် ကြက်မဆယ်ကောင်ခန့် မွေးမြူထားလျှင် ကြက်ဥနှင့် အသားရောင်းချမှုအတွက် တစ်နှစ်လျှင်(၅)သိန်းကျော်အထိဝင်ငွေရရှိနိုင်ကြောင်း၊ ရှေးစာဆိုကဲ့သို့ မွေးလျှင်လည်း နေ့စဉ်အသားဟင်းအတွက် ပူစရာမလိုကြောင်း မင်းဘူးမြို့နေ တိုင်းရင်းကြက်မွေးမြူသူများထံမှ သိရှိရသည်။ 

ဇေယျတု(မကွေး)