မန္တလေး ၃ စက်တင်ဘာ
ဝါဝင်သောအချိန်မှစ၍ အရောင်းအေးနေသဖြင့် စာကလေးအိမ် ပြုလုပ်သူများ အခက်ကြုံနေရကြောင်း သိရသည်။
ယခင်က တစ်နေ့လျှင် စာကလေးအိမ် ၃၀ လုံးမှ ၄၀ လုံးအထိ ရောင်းရသော်လည်း ယခုအခါ ၅ လုံး၊ ၁၀ လုံးသာ ရောင်းရပြီး ဈေးဦးမပေါက်သော ရက်များလည်းရှိကြောင်း၊ ကုန်ကြမ်းဈေးများမှာလည်း မြင့်တက်လာသဖြင့် အခက်ကြုံနေရကြောင်း စာကလေးအိမ်ပြုလုပ်သူများက ပြောသည်။
'စီးပွားရေးတွေ ကြပ်တည်းတာတွေ ရာသီဥတုဒဏ်တွေကြောင့် ရောင်းအားမကောင်းတာလို့ ထင်ပါတယ်' ဟု ၈၅ လမ်းမီးပွိုင့် အနီးတွင် စာကလေးအိမ် ပြုလုပ်သူ ကိုသန်းကျော်မှ ပြောသည်။
စာကလေးအိမ်များကို ၁ ပေါက်အိမ် တစ်လုံးလျှင် ငွေကျပ် ၁၅၀ဝ၊ ၂ ပေါက်အိမ် တစ်လုံးလျှင် ငွေကျပ် ၂၅၀ဝ၊ ၃ ပေါက်အိမ် တစ်လုံးလျှင် ငွေကျပ် ၄၀ဝ၀ ဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် အပျိုကြီး၊ လူပျိုကြီးများအတွက် ၁ ပေါက်အိမ်၊ အထီးမကျန်လိုသူများအတွက် ၂ ပေါက်အိမ်နှင့် ရတနာသုံးပါးကို ဦးထိပ်ထားပြီး သုံးပေါက်အိမ် စသည်ဖြင့် စာကလေးအိမ်များတွင် ဝင်ပေါက် အရေအတွက်အလိုက် အဓိပ္ပာယ် အသီးသီးရှိကြောင်း သိရသည်။
စာကလေးအိမ် များနှင့်အတူ ငှက်စာဖြစ်သော စပါးတွဲများပါ ရောင်းချပေးလျက်ရှိကြောင်း၊ ငှက်စာတစ်တွဲလျှင် ၁၀ဝ၀ ကျပ်၊ နှစ်တွဲလျှင် ၁၅၀ဝ ကျပ်နှင့် ၃ တွဲလျှင် ငွေကျပ် ၂၀ဝ၀ စသည်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ စာကလေးအိမ် ကုန်ကြမ်းဖြစ်သော သစ်သားများကို မတ္တရာနှင့် စဉ့်ကိုင်မှ ဝယ်ယူပြီး စပါးတွဲများကို ဆင်ရွာကြီးမှဝယ်ယူရကြောင်း စာကလေးအိမ် ရောင်းသူများထံမှ သိရသည်။
တင်ဇာလှိုင်(ပြန်/ဆက်)


