မန္တလေး ၃ စက်တင်ဘာ
မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) MMIA အသင်းဝင်များ၏ ဖုန်းဆိုင်များမှ ဟန်းဆက်များအားလုံးအတွက် အခွန်ငွေ ကျပ်သိန်းပေါင်း လေးသောင်းကျော် ပေးဆောင်ထားကြောင်း အဆိုပါအသင်းထံမှ သိရသည်။
ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၁၇ ရက်အထိ MMIA အသင်းဝင် ၃၂ ဦးထံမှ အခွန်ငွေ ကျပ် (၄,၄၅၅,ဝ၀ဝ,ဝ၀ဝ) ပေးဆောင်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့မူဝါဒက တစ်နိုင်ငံလုံးမှာရှိတဲ့ မိုဘိုင်းဆိုင်တွေ တံဆိပ်ခေါင်းကပ်ပြီးမှ ရောင်းဖို့ကျွန်တော်တို့ ကြိုးစားပါမယ်။ ပညာပေးဟောပြောပွဲတွေ လုပ်တယ်။ ကျွန်တော်တို့သည် လက်လီဆိုင်များကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်’ဟု မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုကိုညီက ပြောသည်။
မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး)ကို ပြီးခဲ့သည့်ဧပြီလက စတင်ဖွဲ့စည်းခဲ့ပြီး MMIA အသင်းကြီး၏ သင်းလုံးကျွတ်အစည်းအဝေးနှင့် အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို မန္တလေးမြို့ မြို့တော်ခန်းမတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်အတွက် မိုဘိုင်းဖုန်းရောင်းချခြင်းမှ အခွန်ငွေရရှိစေရန် MMIA အသင်းကြီးသည် အခွန်ဦးစီးဌာနနှင့် ပူးပေါင်းကာ ဆောင်ရွက်နေသည့် အသင်းတစ်သင်းဖြစ်သည်။
မိုဘိုင်းဖုန်းတင်သွင်းသူများ တရားဝင်လမ်းကြောင်းမှ တင်သွင်းရေး၊ ကုန်သွယ်ခွန်တံဆိပ်ခေါင်း ကပ်ထားခြင်းမရှိသည့် ဆိုင်များတွေ့ရှိပါက သင့်တော်သလို အရေးယူဆောင်ရွက်ရန် တွန်းအားပေးခြင်း၊ အခွန်နှင့်ပတ်သက်သည့် သိသင့်သိထိုက်သည်များကို သိရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


