နေပြည်တော် ၃ စက်တင်ဘာ
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အခမ်းအနားကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခုနှစ်ကျင်းပမည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးရေးအတွက် ဦးတည်ပြီး ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာဖြင့် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအသီးသီးက ကိုယ်စားလှယ်များနှင့် ဆပ်ကော်မတီများက ပံ့ပိုးဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို "အားလုံးအနာဂတ်ကောင်းမွန်ရေး ခရီးသွားအလုပ်အကိုင်ဖော်ဆောင်ပေး" ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်၍ မွန်းလွဲပိုင်းတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
သတင်းစဉ်


