နေပြည်တော် ၃ စက်တင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်ရှိ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်း၌ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေရရှိမှုနှင့် စီမံကိန်းဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ၂၀၂၁  - ၂၀၂၂ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ရေသယံဇာတ၊ မြေသယံဇာတများကို ဖော်ထုတ်၍ အကျိုးရှိထိရောက်စွာ အသုံးပြုရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရရှိအသုံးပြုသည့် ရန်ပုံငွေနှင့်လုပ်ငန်းပြီးစီးမှု အချိုးညီမျှစေရန်၊ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရန်တို့ကို တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တမံတည်ဆောက် ပြီးစီးမှုအပိုင်းနှင့် ဆက်လက်တည်ဆောက်ခြင်းလုပ်ငန်း၊ နမ့်အက်ချောင်းအတွင်း ရေစီးဝင်နေမှု၊ ရေပိုလွှဲ အဆောက်အအုံ တည်ဆောက်ပြီးစီးမှုနှင့် ဆက်သွယ်မြောင်းတူး ဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

၂၀ဝ၅ - ၂၀ဝ၆   ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းရွာအနီး   နမ့်အက်ချောင်း ပေါ်တွင်တည်ရှိပြီး တမံအမြင့် ၁၅၄ ပေ၊ တမံအလျား ပေ ၁၄၁၀ဝ ရှိ မြေသားတမံ အမျိုးအစားဖြစ်ကာ ကန်ရေပြည့်ရေလှောင်ပမာဏ ၃၄၅၃၅၀ ဧကပေနှင့် ကန်ရေသေ ရေလှောင်ပမာဏ ၃၁၅၀ဝ ဧကပေ ထိန်းသိမ်းသိုလှောင်နိုင်မည်ဖြစ်သည်။ 

ကျိုင်းခမ်းရေလှောင်တမံ တည်ဆောက်ပြီးပါက ဒေသအတွက် လျှပ်စစ်ဓါတ်အား (၆)မဂ္ဂါဝပ်  ထုတ်လွှတ်ပေးနိုင်မည့်အပြင် ဇော်ဂျီရေလှောင်တမံသို့ နန့်မေလျန်ချောင်းမှတစ်ဆင့် ရေကူဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။ 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးခရိုင်  ရပ်စောက်မြို့နယ်ရှိ ရွှေပုဇွန်ကော်ဖီခြံ၌ ကော်ဖီသီးနှံနှင့်အတူ သစ်မာပင်များ၊ မက္ကဒေးမီးယာပင်များ စိုက်ပျိုးအောင်မြင်နေမှုများကို ကြည့်ရှုအားပေးရာ ပွင့်ကောင်းနှင့် ခင်နွဲ့ရီကုမ္ပဏီလီမိတက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကော်ဖီသီးနှံကို နိုင်ငံတကာဈေးကွက်မှ စိတ်ဝင်းစားလျက်ရှိရာ ရေမြေရာသီဥတု အခြေအနေပေးသည့် ဒေသများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဦးဆောင်ပြီး  လုပ်ကွက်ငယ်ဒေသခံ တောင်သူများအား ကော်ဖီမျိုးကောင်းများ ဖြန့်ဖြူးပေးခြင်း၊ နည်းပညာကူညီပေးခြင်း၊ ဈေးကွက်သို့ လက်တွဲခေါ်ယူပေးခြင်းတို့ဖြင့် အားလုံးပါဝင်ပြီး ပိုမိုကျယ်ပြန့်သော စီးပွားဖြစ်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်နိုင်ရေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။ 

သတင်းစဉ်