နေပြည်တော် ၃ စက်တင်ဘာ
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ကျင်းပသည့် ပြစ်မှုဆိုင်ရာ တရားစွဲဆိုခြင်းများတွင် ဥပဒေအထောက်အကူပေးရာ၌ ကုလသမဂ္ဂ၏ မူဝါဒနှင့် လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ အမျိုးသားအဆင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့် အဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက မိမိတို့အဖွဲ့အနေဖြင့် ဥပဒေရေးရာကိစ္စရပ်များတွင် ငွေကြေးချို့တဲ့သူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ ဥပဒေအား လက်လှမ်းမမီသူများကို ဥပဒေနှင့်အညီ လက်လှမ်းမီအောင် အထောက်အပံ့ပေးသည့်အဖွဲ့၊ အထောက်အပံ့ပေးသည့် အလုပ်အားလုပ်ကိုင်ဆောင်ရွက်ရသည့် အဖွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းရသင့်ရထိုက်သည့် အခွင့်အရေးများကို အမှန်တကယ်ရရှိအောင် ကူညီဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ယခုကဲသို့ အဖွဲ့အစည်းမျိုး မိမိတို့နိုင်ငံတွင် သီးခြားဌာနတစ်ခု၊ အဖွဲ့တစ်ဖွဲ့အနေဖြင့် ဆောင်ရွက်ခဲ့သည်မှာ ယခင်ကမရှိခဲ့ပါကြောင်း၊ ပထမဆုံးအကြိမ်အနေဖြင့် မိမိတို့အားပေးအပ်သည့် အလုပ်ဖြစ်သောကြောင့် မွန်မြတ်သည့်အလုပ်ဖြစ်ပါကြောင်း၊ ယခုကဲသို့ကူညီ ဆောင်ရွက်ပေးရာတွင် ဥပဒေနှင့်အညီ စေတနာထား ဆောင်ရွက်မှသာ ပိုမိုအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင်လည်း မိမိတို့အဖွဲ့အား အကြံပြုစရာများရှိပါက အကြံပြုကြစေလိုပြီး မိမိတို့အနေဖြင့်လည်း ပြုပြင်စရာများရှိပါက ပြုပြင်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း စိတ်စေတနာသန့်သန့်ဖြင့် အများပြည်သူအကျိုးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အရေးပေါ် စီမံတုန့်ပြန်မှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံရေးဘောဂဗေဒ ပညာရှင် ဦးအောင်ကျော်သိန်းက မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေဖြစ်လာစေရန် စေ့ဆော်ပေးသော အကြောင်းတရားခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အကြံပေးများဖြစ်သည့် ဦးဟန်ဇာထွန်းနှင့် Ms. GeralynBusnardo၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင် ဦးကျော်စိုးဗိုလ်တို့က မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေတွင် ပဓာနကျသော အခြေခံသဘောတရားများ ခေါင်းစဉ်ဖြင့်ဆွေးနွေးကြရာ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ယနေ့စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ကုလသမဂ္ဂ၏ အခြေခံမူများနှင့် လမ်းညွှန်မှုများ၏ ပဓာနကျသောအခြေခံ သဘောတရားများကို အစိုးရဌာနအချင်းချင်းကြား တရားရေးဆိုင်ရာ ပါဝင်ပတ်သက်မှုရှိသူများအား မျှဝေသွားမည်ဖြစ်ပြီး ဥပဒေပါ ရည်ရွယ်ချက်နှင့် နိုင်ငံတကာက ကျင့်သုံးသော အကောင်းဆုံး အလေ့အထများအတိုင်း အကောင်းဆုံးရရှိရန်အတွက် ဥပဒေကို အကောင်အထည်ဖော်ရာတွင် အခြားသောဌာနဆိုင်ရာများနှင့် မည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်သွားမည်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


