နေပြည်တော် ၃ စက်တင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် (၃၇)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးသည် (၃၇)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၊ အခြားဆက်စပ်အစည်းအဝေးနှင့် အာဆီယံစွမ်းအင်ဆိုင်ရာလုပ်ငန်းဖိုရမ် ဖွင့်ပွဲအခမ်းအနား၊ အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၊ အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်အေဂျင်စီတို့၏ ဆွေးနွေးပွဲများ၊ ၂၀၁၉ ခုနှစ်၏ အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်ရရှိသူများအား ဆုချီးမြှင့်ခြင်းအစီအစဉ်နှင့် အာဆီယံ စွမ်းအင်လုပ်ငန်းဆိုင်ရာဖိုရမ်တို့ကို တက်ရောက်မည်ဖြစ်သည်။
အဆိုပါအစည်းအဝေးများ တက်ရောက်စဉ် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၁၆-၂၀၂၀ ၏ ကဏ္ဍခွဲ (၇)ရပ်ဖြစ်သည့် အာဆီယံ လျှပ်စစ်ဓာတ်အားကွန်ရက်၊ အာဆီယံ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်၊ အာဆီယံ ကျောက်မီးသွေးစွမ်းအင်ကဏ္ဍ၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်၊ ဒေသတွင်း စွမ်းအင်မူဝါဒနှင့်စီမံရေး၊ ပြန်ပြည့်မြဲစွမ်းအင်၊ စွမ်းအင်ခြိုးခြံချွေတာရေးနှင့် ထိရောက်စွာ သုံးစွဲရေးကဏ္ဍခွဲများဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးမည်ဖြစ်သည်။
သတင်းစဉ်


