တနိုင်း   ၃  စက်တင်ဘာ

ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား  ဥပဒေမှုကြမ်း ဖြစ်ပေါ်လာရေးအတွက် အကြံပြုချက်များရယူခြင်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက် နံနက် ၁၂ နာရီက တနိုင်းမြို့နယ် ကချင်ပြည်နယ် ပုန်ခုန်းရပ်ကွက် ဟူးကောင်းခန်းမ၌ ကျင်းပခဲ့သည်။

 

128

 

အခမ်းအနားတွင် ကချင်ပြည်နယ် ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား ဥပဒေမူကြမ်းရေးဆွဲရေး အဖွဲ့ဝင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က ဥပဒေကြမ်းရေးဆွဲရေးအဖွဲ့ကို ဇွန်လအတွင်းက လွှတ်တော်ကိုယ်စားလှယ် လေးဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ဥပဒေကြမ်းပြုစုရာတွင် ပြည်နယ်ရှိ ပြည်သူများ၏ အကြံပြုချက်များ၊ အချက်အလက်များ ပါဝင်ခြင်းဖြင့် ကောင်းမွန်သော ဥပဒေကြမ်း ပေါ်ပေါက်လာရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

3248

 

ပယင်းမှော်အပေါ် မှီခိုအားထားပြီး အသက်မွေးဝမ်းကျောင်း ပြုနေရသောကြောင့် ကျောက်မျက်ရတနာ ဥပဒေမူကြမ်း ပေါ်ပေါက်ဖို့ရန် ပံ့ပိုးပေးသော အဖွဲ့အစည်းများ၊ ပညာရှင်များရှိတဲ့အတွက် လုပ်ဆောင်လာနိုင်တာဖြစ်ကြောင်း၊ ပယင်းအပါအဝင် ကျောက်မျက်နှင့် ပတ်သက်ပြီး ဈေးကွက်တွေကို  ပြည်နယ်အတွင်း ခွင့်ပြုပေးရန် တူးဖော်သူ၊ ရောင်းဝယ်ဖောက်ကားသူများ ဥပဒေနှင့်အညီ လုပ်ဆောင်နိုင်ရန်နှင့် ပြည်သူတွေ မြေပြင်မှာ အကောင်အထည်ဖော်တဲ့အခါ ဥပဒေကို အတည်မပြုခင် တနိုင်းဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဘယ်အချက်တွေက ဥပဒေနဲ့ ကိုက်ညီမှု ရှိ မရှိ သိရှိနားလည်ဖို့ ပြည်သူတွေရဲ့ သဘောထား အမြင်များကို သိရှိနိုင်ရန် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

ဆွေးနွေးပွဲတွင် Transparency and Accountability Network Kachin (TANKS) အဖွဲ့မှ ဒေါ်ခေါန်ဂျာက ကျောက်မျက်ကဏ္ဍနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်ရတနာ ဥပဒေမူကြမ်း ဖြစ်ပေါ်လာရေးအတွက် နှစ်ရက်ကြာ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ကချင်ပြည်နယ် ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား ဥပဒေမူကြမ်း ရေးဆွဲရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဝါဝါ(တနိုင်း ပြန်/ဆက်)