လွိုင်ကော် ၃ စက်တင်ဘာ
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီက လွိုင်ကော်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်ခန်းမသို့ ရောက်ရှိပြီး ခန်းမရှေ့တွင် အလှပန်းပင်များ စနစ်တကျ စိုက်ပျိုးနိုင်ရေး လုပ်ငန်းများ၊ လွတ်လပ်ရေး ကျောက်တိုင်ကွင်းနှင့် ကျောက်သားရင်ပြင်တဝိုက် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ၊ မြို့နာမ်စေတီတော် အဝင်ရှေ့မျက်နှာစာများတွင် Landscape လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နောင်ယားကန်သို့ သွားရောက်၍ ကန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး လုပ်ငန်းများ၊ အာဇာနည်ကျောက်တိုင်ကွင်းသို့ သွားရောက်၍ ကျောက်တိုင်ကွင်းအတွင်း သန့်ရှင်းသာယာ လှပရေးနှင့် Landscape လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ထေးငှားလျားကန်သို့ သွားရောက်၍ ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပြည်နယ် (၅)ထပ်ဧည့်ရိပ်သာ အဆောက်အအုံရှေ့နှင့် ခြံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ မင်းစုရပ်ကွက်ရှိ မင်းကျောင်းကန်(၃)ကန် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်သား


