မုံရွာ ၃ စက်တင်ဘာ
၂ဝ၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီက မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ဖွင့်လှစ်ပေးကာ အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် (၁၀)ခရိုင်တို့ရှိ မြို့နယ်ပေါင်း (၃၇)မြို့နယ်တို့မှ ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲများအလိုက် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး မီတာ ၁ဝဝ၊ ၂၀ဝ၊ ၄၀ဝ၊ ၈၀ဝ၊ ၁၅ဝဝ၊ ၃၀ဝ၀ အပြေးပြိုင်ပွဲ၊ မီတာ ၁၀ဝ၊ ၄ဝဝ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ အလျားခုန်၊ အမြင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် စသည့်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲသို့ အားကစားသမား ၃၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ထူးချွန်ဆုရ အားကစားသမား ကျား/မ စုစုပေါင်း ၁၁၄ ဦးအား ဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


