မြင်းခြံ ၃ စက်တင်ဘာ
စက်သုံးဆီ ကိုင်တွယ်ထိန်းသိမ်းခြင်း သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ စင်ရော်စားသောက် ဆိုင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ တိုင်းရောင်းဝယ်ရေးအရာရှိ ဦးသန်းထွန်းဦးက စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ရာတွင် လိုက်နာရမည့်အချက်များ၊ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ဥပဒေများ၊ စက်သုံးဆီ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်းများနှင့် ပတ်သက်သော ဥပဒေများ၊ စံချိန်စံညွှန်း ပြည့်မီခြင်း ရှိ မရှိ၊ အချိန်အတွယ် ပြည့်ခြင်းရှိ မရှိ စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းရောင်းဝယ်ရေးလုပ်ငန်းမှ ဌာနခွဲမှူး ဒေါ်ခင်မာကြည်နှင့် ဖြန့်ဖြူးရေး(၁) ဦးအောင်မျိုးသိန်းတို့က စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် မီးဘေးအန္တရာယ် ကင်းရှင်းစွာ ရောင်းချရမည့် အခြေခံအကြောင်းအရာများ၊ လျှပ်စစ်မီး အသုံးပြုရာတွင် ဂရုပြုဆောင်ရွက်ရမည့် အကြောင်းအရာများ၊ စက်သုံးဆီများ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းရာတွင် အသုံးပြုရမည့် ပစ္စည်းများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် မြင်းခြံမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်က မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြင်းခြံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်းများ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့များမှ စက်သုံးဆီဆိုင် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းအပြီးတွင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်မင်းနိုင် (မြင်းခြံ)


