ကော့သောင်း ၃ စက်တင်ဘာ
ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်စိုးဝေနှင့် ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများက မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၉ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၅၄ ဦးကို ယနေ့ ညနေပိုင်းတွင် ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးမှ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ ဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ကြိုဆိုလက်ခံခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပြန်လည်လွှဲပြောင်း ပေးအပ်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


