တာချီလိတ် ၃ စက်တင်ဘာ
ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံများတွင် ပိုးမွှားကျရောက်မှု ကာကွယ်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် တာကြန့်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်းက ပိုးမွှားရောဂါဆိုင်ရာများ၊ ကြွက်နှင့် အာဟာရဓာတ် ချို့တဲ့မှု လက္ခဏာများကို စနစ်တကျ ခွဲခြားပြသခြင်း၊ တောင်သူများ ကြုံတွေ့နေရသည့် စိုက်ခင်းများတွင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ဒေသခံတောင်သူများက မိမိတို့လယ်မြေတွင် စိုက်ပျိုးထားသည့် စပါးပင်များ ယူဆောင်လာပြီး ပိုးမွှားရောဂါ ကျရောက်မှု ရှိ မရှိ၊ အာဟာရဓာတ် ချို့တဲ့မှုများနှင့် ရေလုံလောက်မှု ရှိ မရှိနှင့် စိုက်ခင်းများတွင် ကြွက်ကျရောက်မှု ကြိုတင် ကာကွယ်နှိမ်နှင်းနည်းများကို မေးမြန်းဆွေးနွေးရာ ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးခင်မောင်ထူး၊ တာလေမြို့ ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲသို့ တောင်သူ ၆၀ ဦးကျော် တက်ရောက်ပြီး ပိုးမွှားကျရောက်နေသည့် စိုက်ခင်းများအတွက် ပိုးသတ်ဆေးများ၊ ကြွက်သတ်ဆေးများနှင့် အပင်အားတိုးဆေးများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြိုးလေး(ပြန်/ဆက်)


