ညောင်ဦး   ၃   စက်တင်ဘာ   

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သဖန်းကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းခွဲရှိ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ဆောက်လုပ်လှူဒါန်းပြီးစီးသည့် စာသင်ကျောင်းဆောင်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ကျောင်းဆောင်ရှေ့၌ ကျင်းပခဲ့သည်။ 

 

အခမ်းအနားတွင် အဆိုပါ ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ် အလှူရှင် မစ္စတာဂျွန် က ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ညောင်ဦးမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် သဖန်းကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းခွဲတွင် KG-တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ ၅၉ ဦးခန့်ရှိပြီး စာသင်ကျောင်းဆောင် မရှိသေးသည့်အတွက် ထန်းရွက်မိုး၊ ထရံကာ ယာယီကျောင်းဆောင် တဲများဖြင့် ပညာသင်ကြားနေရကြောင်း၊ ယခုလို မိုးရာသီကာလများတွင် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ကြားရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

 

ယခုအခါ အလှူရှင် မစ္စတာဂျွန်နှင့် အပေါင်းအဖော်များက အလျား ၆၀ ပေ၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေရှိ သွပ်မိုး၊ အုတ်ကာ၊ တမံသလင်းခင်း စာသင်ကျောင်းဆောင်နှင့် အလျား၊ အနံ ၂၆ ပေ ပတ်လည် သွပ်မိုး၊ အုတ်ကာ၊ တမံသလင်းခင်း အမျိုးအစား ကျောင်းဆောင်တို့ကို လာရောက်ဆောက်လုပ်လှူဒါန်းသဖြင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားခွင့် ရရှိပြီဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)