ခင်ဦး ၄  စက်တင်ဘာ 


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ထောက်ပံ့သည့်ငွေများကို စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပေးအပ်ခဲ့သည်။


အဆိုပါထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက သာသနိကအဆောက်အဦ (၁၀)ခုအတွက်  ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း၊ လူနေအိမ် (၁၃) အိမ်အတွက် တစ်အိမ်လျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၅၀ဝ၀ဝ) ကိုလည်းကောင်း၊ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးအတွက် ငွေကျပ် ငါးသောင်းကိုလည်းကောင်း စုစုပေါင်း ငွေကျပ် (၁၇) သိန်းကို အိမ်ထောင်စုများအလိုက် ထောက်ပံ့ပေးအပ်ခဲ့သည်။ 


ဆက်လက်ပြီး ဆီဆုံလေးကျေးရွာ၊ အမက ကျောင်းဆောင် ငလျင်ဒဏ်ကြောင့် အက်ကွဲမှုများ ဖြစ်ပေါ်နေသဖြင့် စာဆက်လက်သင်ကြားရန် အန္တရာယ်ရှိသည့်အတွက် ယာယီကျောင်းဆောင် ဆောက်လုပ်ရန် (၇ ပေ ၃ ပေ) သွပ် (၂၃၆) ချပ် ကိုလည်းကောင်း၊ ဘုရားစေတီများ ပြုပြင်ရန်ဆာင်ရွက်ဆဲ ကာလအတွင်း မိုးရေဝင်၍ ပိုမိုပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဖုံးအုပ်ကာရံထားရန် မိုးကာလိပ်များကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


စိုးဝေအောင်(ခင်ဦး)

 

1