နေပြည်တော် ၄ စက်တင်ဘာ
ပြည်သူများ သဘာဝဘေးအသိပညာများ ပိုမိုကျယ်ပြန့်ထိရောက်စွာ သိရှိစေရေး၊ သဘာဝဘေးအန္တရာယ်များ ကင်းဝေးပြီး ဘေးကင်းလုံခြုံသော လူနေမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေး၊ ဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေး လုပ်ငန်းများကို ပိုမိုနားလည်လာစေပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ကိုယ်တိုင် ထိထိရောက်ရောက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၃/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦစီးဌာနတိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက ဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးကို ပိုမိုသိရှိနားလည်ပြီး ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ကြိုတင်သတိပေး စီမံဆောင်ရွက်နိုင်စေရန်နှင့် ဘေးအန္တရာယ်ဒဏ်ခံနိုင်စွမ်းကို မြှင့်တင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက သဘာဝဘေးအန္တရာယ်များအနေဖြင့် ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့အတွက် ဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ ဗဟုသုတ အတွေ့အကြုံများကို မိမိတို့မြို့နယ်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၌ ကျရာကဏ္ဍမှ ပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ စိတ်ပါဝင်စားသူ သင်တန်းသား/ သင်တန်းသူ ၃၀ တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရနှင့် သဘောတရားများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊ အရေးပေါ် ဆက်သွယ်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များအကြောင်း စသည်တို့ကို သုံးရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း


