ဆားလင်းကြီး ၄  စက်တင်ဘာ 


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော  အပူပိုင်းဇုန်ကျေးလက်ရေ  ရရှိရေး စီမံကိန်းအရ ဆားလင်းကြီးမြို့နယ်၊ နှောကူးတို့ကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၆ ဒသမ ၅၂၁ သန်းဖြင့်  ဆောင်ရွက်လျက်ရှိသော သောက်သုံးရေ ရရှိရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးခိုင်နှင့် ဝန်ထမ်းများက စက်တင်ဘာ ၃ ရက်၊ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

1

 


ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးစိုးခိုင်က ‘‘အပူပိုင်းဇုန်ကျေးလက်ရေ    ရရှိရေးစီမံကိန်းအရ     နှောကူးတို့ကျေးရွာ၌    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၆ ဒသမ ၅၂၁ သန်းဖြင့်  စက်ရေတွင်း  တူးဖော်ခြင်း၊ အမြင့်တင် ရေစင် တည်ဆောက်ခြင်းနှင့် ရေစက်ရုံ   တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျေးလက်နေပြည်သူများ  အနေဖြင့် သောက်သုံးရေကို အဆင်ပြေ ချောမွေ့စွာ ရရှိနိုင်စေရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး၊ စံချိန်စံညွှန်း ကိုက်ညီမှုရှိရေး၊ သတ်မှတ်အချိန် ကာလအတွင်း  ပြီးစီးရေးတို့အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို  ကျေးရွာ ရေ ရရှိရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများအား မှာကြားဆွေးနွေးခဲ့ပါတယ် ’’ ဟုပြောသည်။


အဆိုပါ  အပူပိုင်းဇုန် ကျေးလက်ရေ   ရရှိရေးစီမံကိန်းအရ ဆောင်ရွက်လျက်ရှိသော သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ပြီးစီးပါက နှောကူးတို့ကျေးရွာရှိ   အိမ်ခြေ ၁၂၈ အိမ်၊  လူဦးရေ ၇၆၀ ဦး အနေဖြင့် သောက်သုံးရေကို အဆင်ပြေစွာ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့် မင်းတောကျေးရွာတွင်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၈ ဒသမ ၅၅၃ သန်းဖြင့် သောက်သုံးရေ ရရှိရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများပြီးစီးပါက အိမ်ခြေ ၂၂၈ အိမ်ရှိ လူဦးရေ ၁၀၈၇ ဦး အနေဖြင့် သောက်သုံးရေကို အဆင်ပြေစွာ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မင်းခန့်စိုး(ဇေယျာမြေ)