မန္တလေး   ၄    စက်တင်ဘာ 


သီတင်းကျွတ်လ ပွဲတော်ကာလအတွက် မြန်မာ့ရိုးရာမီးပုံးများကို ကြိုတင်ဆင်ကာ လုပ်ကိုင်လျက်ရှိပြီး နယ်ဝေးများသို့ တင်ပို့ရောင်းချ နေရပြီဖြစ်ကြောင်း မြန်မာ့ရိုးရာ မီးပုံးပြုလုပ်သူများထံမှ သိရသည်။


'မီးပုံးတွေကို ဝါဆိုလလောက်က စပြီး ရောင်းရတာပါ။ နယ်တွေကို အများအားဖြင့် ဝါခေါင်လကနေစပြီး ပို့ပေးရတာ။ မြို့ထဲကတော့ တော်သလင်းလဆို မီးပုံးတွေပို့ပေးရပြီ။ ကုန်ကြမ်းဈေးတွေကတော့ တစ်နှစ်ထက် တစ်နှစ် တက်တက်လာပါတယ်” ဟု ရိုးရာမီးပုံးလုပ်ကိုင်သူ မကြည်ဌေးက ပြောပြသည်။


မြန်မာ့ရိုးရာမီးပုံးများကို မဟာအောင်မြေမြို့နယ် ၄၂ လမ်းစိန်ကျော်ကွေ့ ဂုံးကျော်တံတားတောင်ဘက် ၈၄၀ ရပ်ကွက်တွင် သီတင်းကျွတ် မတိုင်မီ ကာလများ၌ အများစု လုပ်ကိုင်လျက်ရှိပြီး ရိုးရာမီးပုံးများကို ကျောက်ဆည်၊ စစ်ကိုင်း၊ ရွှေဘို၊နမ့်ခမ်းနှင့် ဝမ်းတွင်းမြို့များသို့ အများဆုံး တင်ပို့ရောင်းချကြသည်။


တခြားနယ်ဒေသများသို့လည်း တင်ပို့လျက်ရှိရာ အရွယ်ပုံဏ္ဍာန် အမျိုးစားကိုလိုက်၍  မြန်မာ့ရိုးရာ မီးပုံးများကို ၁၅၀ ကျပ်မှ ၃၅၀ဝ ကျပ်ထိ ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ကြောင်းနှင့် စက္ကူမီးပုံးများကို အလှချိတ်ဆွဲရန်အတွက် ပစ်တိုင်းထောင်၊ လေးထောင့်ပန်းဘွား၊ ဘီလူးမမျက်ကွင်း၊ အံစာတုံးများအပြင် ကလေးကစားစရာအဖြစ် လေယာဉ်ပျံ၊ ဖော့ခ်ကား၊ ယုန်ရုပ်၊ ဒေါင်းရုပ်နှင့် သင်္ဘောရုပ် စသည့်မီးပုံးများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။


'ရိုးရာမီးပုံးတွေကို နှစ်စဉ် သင်္ကြန်အပြီးလောက်ကစပြီး ဝါးတွေနဲ့ ပုံကြမ်းလေးတွေ စပြီးချိုးနေပါပြီ။ ဝါဆိုလောက်ဆိုရင်တော့ ချိုးပြီးသား ပုံကြမ်းလေးတွေကို မှန်ရောင်စက္ကူတွေ ကပ်တယ်။ ဝါခေါင်လလောက်ကျ အရုပ်တွေကို ဆေးရောင်ခြယ်တာတွေ နေလှန်းတာတွေ လုပ်တယ်။ပြီးသလောက် မီးပုံးတွေကိုလည်း နယ်တွေကို စပြီးပို့ပေးနေရပြီ။ အခု တရုတ်ကဝင်လာတဲ့ မီးပုံးတွေ လျှပ်စစ်အလှမီးတွေလည်း ပေါ်လာတော့ အရင်ကထက်ဆိုရင် ရိုးရာမီးပုံးတွေက ရောင်းအားတော့ကျတာပေါ့။' ဟု ရိုးရာမီးပုံးပြုလုပ်သူ ကိုဖိုးကျော်မှ ပြောသည်။


မြန်မာ့ရိုးရာ မီးပုံးများပြုလုပ်ရာတွင် အဓိကအနေဖြင့် တင်းဝါး၊ မှန်ရောင်စက္ကူ၊ သစ်သားဘီးလုံး၊ ကော်၊ ပိတ်စကြိုးများဖြင့် ပြုလုပ်ရပြီး ကုန်ကြမ်းဈေးများမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း၊ ယခင်က မြန်မာ့ရိုးရာ မီးပုံးများကို တစ်ရပ်ကွက်လုံးနီးပါး လုပ်ကိုင်ကြသော်လည်း ယခုအခါ ရိုးရာမီးပုံးပြုလုပ်သူ ၄ ဦး၊ ၅ ဦးလောက်သာ ရှိတော့ကြောင်းနှင့် မီးပုံးများသည် ထိခိုက်ပျက်စီးလွယ်ပြီး မိုးရေထိလျှင် ပျက်စီးနိုင်ပြီး မိုးငွေ့ရလျှင်ပင် ဖားဥစွဲတတ်ကြောင်း ရိုးရာမီးပုံးပြုလုပ်သူများထံမှ သိရသည်။ 


တင်ဇာလှိုင်(ပြန်/ဆက်)