မန္တလေး ၄ စက်တင်ဘာ


မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းတွင် ကျောက်စိမ်းညဈေး ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း မဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်အဖွဲ့ထံမှ သိရသည်။


မဟာအောင်မြေကျောက်ဝိုင်း အတွင်း၌ ည ၆ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အောက်တိုဘာလတွင် စတင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။


"ကျောက်သမား အများစု အဆင်ပြေအောင် ဖွင့်လှစ်ပေးတာပါ။ နောက်တစ်ခုက လာလည်တဲ့ နိုင်ငံခြားသားတွေကို ကျောက်စိမ်းညဈေးအဖြစ် စိတ်ဝင်တစား လာရောက်လေ့လာစေချင်လို့ ဆွဲဆောင်တာလည်း ပါတယ်။ ဖွင့်လှစ်ခွင့်ရရှိဖို့အတွက် စည်ပင်သာယာရဲ့ ခွင့်ပြုချက်ရရှိပြီးပြီ။ လုံခြုံရေးကိစ္စ အတွက်ကတော့ တိုင်းဒေသကြီး အစိုးရကို တင်ပြရဦးမှာဖြစ်ပါတယ်” ဟု ဦးမျိုးမြင့်နိုင် ကပြောသည်။


ကျောက်ဝိုင်းမှာ ညဈေးဖွင့်လှစ်ပါက မနက်တစ်ချိန်၊ ညတစ်ချိန် အရောင်းအဝယ် လုပ်လုပ်နိုင်မည်ဖြစ်သောကြောင့် ကျောက်စိမ်း လုပ်ကိုင်သူများအတွက် အခွင့်အလမ်း ပိုမိုကောင်းမွန်လာနိုင်ကြောင်း ကျောက်စိမ်း အရောင်းအဝယ် လုပ်ကိုင်သူများက ပြောသည်။


မန္တလေးမြို့၊ ရတနာပုံဈေး ဒုတိယထပ်ရှိ ရတနာမောလ် ကျောက်မျက်ရတနာဈေးတွင်လည်း ကျောက်စိမ်း ကျောက်မျက်ညဈေး တစ်ခုကို မနက် ၉ နာရီမှ ည ၉ နာရီအထိ နေ့စဉ် ဖွင့်လှစ်ထားလျက်သည်။


မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း(ကျောက်ဝိုင်း)ကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ မြေနေရာတွင် ၂၀ဝ၁ ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်ဝိုင်းအတွင်း အမြဲတမ်းဆိုင်ခန်း ၁,၁၁၇ ခု ပျံကျအုတ်ခုံ ၁၇၈ ခုံရှိကြောင်း အကျိုးဆောင်ကော်မတီ မှတ်တမ်းများအရ သိရသည်။


သူရိန်လင်း