မုံရွာ ၄ စက်တင်ဘာ 
    

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် ၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲအား စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီက စတင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်မိန့်ခွန်းပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
    

အဆိုပါ ပြိုင်ပွဲတွင် မီတာ (၁၀ဝ)၊ (၂၀ဝ)၊ (၄၀ဝ)၊ (၈၀ဝ)၊ (၁၅၀ဝ)၊ (၃၀ဝ၀) ကျား/မအပြေးပြိုင်ပွဲ များ၊ မီတာ(၁၀ဝ)၊ မီတာ(၄၀ဝ) ကျား/မ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများ၊  သံလုံးပစ်၊ သံပြားပစ်နှင့် လှံတံပစ် ပြိုင်ပွဲများနှင့် အမြင့်ခုန်ပြိုင်ပွဲများ ပါဝင်ကြောင်း သိရသည်။
    

၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၇)မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမား (၃၅၅)ဦးဖြင့် စက်တင်ဘာလ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
    

ယခုကျင်းပသည့် မြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲမှ စံချိန်အကောင်းဆုံး အားကစားသမားများကို တိုင်းဒေသကြီးအဆင့် စုစည်းလေ့ကျင့်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲများသို့ ဆက်လက်ယှဉ်ပြိုင်သွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။
                                            

ဝင်းဦး(ဇေယျာတိုင်း)

 

1