ကြံခင်း ၄ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုဗဟိုပြုခန်းမတွင် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ပါသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့နယ် ဉီးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်က ကလေးများ၏ ဉာဏ်စွမ်းရည်မြင့်မားစေရေး ၊ အပြောစွမ်းရည် မြင့်မားစေရေးအတွက် မြန်မာစာစာလုံးပေါင်း သတ်ပုံကျွမ်းကျင်စွာဖတ်တတ်မှု၊ စာဖတ်ရာတွင် အသံပြတ်သားမှု၊ အဖြတ်အတောက်မှန်ကန်မှု အရည်အချင်းများ ထုတ်ဖော်ယှဉ်ပြိုင်ပေးခြင်းဖြစ်ကြောင်း စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ် စာရေးစာဆရာအသင်းမှ ဉီးလှိုင်ဝင်းမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ မူလတန်းကျောင်းများမှကျောင်းသား ကျောင်းသူ (၁၆)ဉီး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယဆု ရရှိသူများအား မြို့နယ် ပြန်/ဆက် ဉီးစီးမှူးနှင့် မြို့နယ်စာရေးဆရာများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ပို့ပို့ (ပြန်/ဆက်)


