နေပြည်တော် ၄ စက်တင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံသား စိစစ်ခံရမည့် သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးပြီးစီးမှုနှင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးမှု၊ NV Card ထုတ်ပေးပြီး သူများအား နိုင်ငံသားစိစစ်ခံရန် လျှောက်ထားနိုင်ပြီး သတ်မှတ်ကာလအတွင်း ၎င်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုနှင့် ထုတ်ပေးပြီးစီးမှု၊ NV Card သည် မြန်မာနိုင်ငံအတွင်း နေထိုင်သူဖြစ်ကြောင်း၊ NV Card ကိုင်ဆောင်၍ သတ်မှတ်ဒေသတွင်း လွတ်လပ်စွာ သွားလာနိုင်မှုနှင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်အဖွဲ့အစည်းများ အဆင်ပြေစွာ ဆက်ဆံနေထိုင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် တောင်ပြိုလက်ဝဲနှင့် ငါးခူရ စခန်းများ ဖွင့်လှစ်ဆောင်ရွက်ကာ ဝန်ထမ်းများ တာဝန်ချထားမှု၊ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်လက်ခံရေး ကြိုးပမ်း ဆောင်ရွက်နေသော်လည်း လက်ရှိအခြေအနေတွင် ပြန်လည်ဝင်ရောက်လာခြင်းမရှိမှု၊ နည်းပညာလုပ်ငန်းအဖွဲ့ (TWG) အစည်းအဝေးများ ကျင်းပဆောင်ရွက်မှု၊ UNDP နှင့် UNHCR တို့နှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ ပူးတွဲအကောင်အထည်ဖော်ရေးအဖွဲ့ (JWG) အချင်းချင်း အပြန်အလှန် အစည်းအဝေးများ ကျင်းပ၍ ပြန်လည်လက်ခံရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့် ပြန်လည်လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ၏ အချက်အလက်များ ပေးပို့မှုအပေါ် စိစစ်ပြန်ကြား ဆောင်ရွက်ပြီးစီးမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနနှင့် ပတ်သက်သည့် အချက်အလက်များနှင့် သိရှိလိုသည့် လုပ်ငန်းစဉ်များအပေါ် ပေးပို့ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေဖြင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်


