နေပြည်တော် ၄ စက်တင်ဘာ 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရေးတွင် ကြုံတွေ့နေရသော အတားအဆီးများအား ဖယ်ရှားနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
 
ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွင် အဓိကအတားအဆီးတစ်ရပ်မှာ နေရပ်သို့ မိမိသဘောအလျောက် ပြန်လိုသူများအား ARSA အကြမ်းဖက်အဖွဲ့ဝင်များက ခြိမ်းခြောက်တားဆီးနေမှုကြောင့် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား သဘောတူညီချက်နှင့်အညီ သတ်မှတ်ပုံစံများကို နေရပ်ပြန်လိုသူများအား ဖြန့်ဝေဖြည့်စွက်ပေးပို့ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိခြင်းမှာလည်း ဩဂုတ် ၂၂ ရက်ကစတင်ရန် သဘောတူခဲ့သည့် ပြန်လည်လက်ခံရေးအစီအစဉ် အထမမြောက်ခဲ့ရခြင်း၏ အခြားအကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ရှင်းလင်းစွာ ဆန္ဒထုတ်ဖော် ပြသထားကြပြီးဖြစ်သည့် ဟိန္ဒူဘာသာဝင် နေရပ်စွန့်ခွာသူ (၄၄၄) ဉီးအား ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပြောကြားပေးစေလိုကြောင်း မေတ္တာရပ်ခံသည်။ 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဘက်တွင် နေရပ်ပြန်လာသူများအတွက် ပတ်ဝန်းကျင်အခြေအနေကောင်း ဖန်တီးပေးရေးအတွက် အာဆီယံအဖွဲ့နှင့်လည်းကောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသိပေးပြောကြားခဲ့သည်။ 

သတင်းစဉ်