ရန်ကုန် ၄ စက်တင်ဘာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့် ဇနီး မစ္စစ်ကင်မ်ဂျောင်းဆုတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး ဒေါ်ခိုင်နွယ်ဦး၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန့်စင်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-Hwa တို့နှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြသည်။

ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

မွန်းလွဲပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းသည်  ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပသည့် မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန် စတင်တည်ထောင်ခြင်းနှင့် မြန်မာ-ကိုရီးယား အတူတကွအောင်မြင် တိုးတက်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့၏ မိတ်ဖက်ခေါင်းစဉ်ဖြင့် ကျင်းပသည့်   မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်သို့ တက်ရောက်အားပေးချီးမြှင့်သည်။

ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် အာဇာနည် ဗိမာန်ပရဝုဏ်ရှိ ဗိုလ်ချုပ်အောင်ဆန်း အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော ကိုရီးယား သမ္မတနိုင်ငံမှ အာဇာနည်ပုဂ္ဂိုလ်များအထိမ်းအမှတ် (Aung San Mausoleum Korean Martyrs Memorial)သို့ သွားရောက်ဂါရဝပြု အလေးပြုကြပြီး လွမ်းသူ့ပန်းခွေချ ဆုတောင်းမေတ္တာပို့သကြသည်။ 

 

11


ထိုမှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ရှေးဦးစွာ ကိုရီးယားသမ္မတနိုင်ငံ သမ္မတသည် စေတီတော် ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး စေတီတော် ရင်ပြင်ဧည့်ခံတန်ဆောင်းမှတစ်ဆင့် စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး သာသနိက အဆောက်အအုံများအား ကြည့်ရှုလေ့လာကြကာ မွေးနေ့ မွေးနံထောင့်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရေသပ္ပါယ်ပူဇော်၍ စေတီတော်ရင်ပြင်အောင်မြေ၌ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

သတင်းစဉ်