ငဖဲ ၅ စက်တင်ဘာ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအုပ်စုရှိ လယ်လုပ်တောင်သူများစိုက်ပျိုးရေအပြည့်အဝရရှိရေး အတွက် ကွင်းစလင်းဆည် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းဦးစီးမှူးတို့နှင့် ဒေသခံတောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂နာရီက ဆူးပဒေါင်းကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းတို့က ကျေးရွာအုပ်စုအတွင်းရှိတောင်သူများ၏ ကွင်းစလင်းဆည် ပြုပြင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနဦးစီးမှူး ဦးတင်ဝင်းက ကျေးရွာဆည်များပြုပြင်ရာတွင်ဆည်ကော်မတီနှင့် ဆည်ရေသောက်တောင်သူများက ဦးဆောင်၍ တာဝန်ယူပြုပြင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာဆည်ကော်မတီများမှ ဆူးပဒေါင်းကျေးရွာ ကွင်းစလင်းဆည်ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးပါက ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးနိုင်မည့်ကွင်းအနေအထားမှာ ဦးပိုင်အမှတ်-၁၀၇၁ ကွင်းစလင်း ကွင်း၊ ၁၀၇၂-လုံးတုံကွင်း၊ ၁၀၆၉-ဝါးလေးတောင်ကွင်းနှင့် ၁၀၆၈-ဆူးပဒေါင်းကွင်းရှိ စိုက်ပျိုးနိုင်မည့် ကိုင်းမြေဧရိယာ ၄၅၅ ဧကရှိကြောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက်တာဝန်ရှိသူများအဖွဲ့သည် ဆူးပဒေါင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်၊ Peaceful Orchid ကုမ္မဏီမှ ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၅၀ဝ)ဖြင့်တာဝန်ယူဆောက်လုပ်လျက်ရှိသော အလျားပေ ၉၀၊ အနံ ပေ၃၀ ရှိစာသင်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)


