ညောင်ဦး     ၅    စက်တင်ဘာ    

 

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်အတွင်း ဇွန်လပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့်ကျေးရွာ(၁၀)မှ ဒေသခံတောင်သူများအတွက် တိရစ္ဆာန်အစာအိတ် များ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၅ ရက်၊ ယနေ့နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အနော်ရထာခန်းမ၌ ကျင်းပသည်။

 

5

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းတို့က သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါက်တာ အိမြတ်မွန်က ဧရာတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရသည့်ကျေးရွာများမှ ဒေသခံတောင်သူများ မွေးမြူထားရှိသည့် တိရစ္ဆာန်များအတွက် အစာအာဟာရ ဖူလုံစေရန်အတွက် တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ၊ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါက်တာ အိမြတ်မွန်နှင့် တာဝန်ရှိသူများက ညောင်ဦးမြို့နယ်အတွင်း ဇွန်လပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ကျေးရွာများဖြစ်သည့် ညောင်ဦးမြို့နယ် တောင်ရွာနောင်(တ)ကျေးရွာ၊ တောင်ရွာနောင်(မ)ကျေးရွာ၊ အောင်ဇေယျာလင်းကျေးရွာ၊ ကျွန်းမကြီးကျေးရွာ ၊ မီးလောင်ဖျားကျွန်းကျေးရွာ ၊ ကြအိုကျွန်း ကျေးရွာ ၊ ဗုဒ္ဓကုန်းကျွန်းကျေးရွာ ၊ လက်ထုတ်ကျွန်းကျေးရွာ၊ အုန္နဲချောင်းကျွန်းကျေးရွာနှင့် သဖန်းကုန်းကျေးရွာတို့မှ ဒေသခံတောင်သူများ မွေးမြူထားရှိသည့် ကျွဲ ၊ နွားများအတွက် အာရဟာဖြည့်တိရစ္ဆာန်အစာအိတ် ၂၆၂ အိတ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ အောင်လင်း ထံမှ သိရ သည်။  

 

 ရဲဝင်းနိုင် ( ညောင်ဦး )