ရန်ကုန် ၅ စက်တင်ဘာ
စက်တင်ဘာ ၁၂ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည့် “တန်ဖိုး” ရုပ်ရှင်ကား၏ အထူးပွဲကို ရန်ကုန်မြို့ Junction City၊ JCGV အဆင့်မြင့်ရုပ်ရှင်ရုံ၌ ယမန်နေ့ ည ၇ နာရီက ပြသရာ ဇာတ်ကားတွင် ပါဝင်သည့် ဒါရိုက်တာ၊ သရုပ်ဆောင်နှင့် ထုတ်လုပ်သူများနှင့် ရုပ်ရှင်ချစ်ပရိသတ်များ တက်ရောက်အားပေးကြသည်။
“တန်ဖိုး” ရုပ်ရှင်ကားကို မြန်မာနှင့် ကိုးရီးယား အနုပညာရှင်များ ပူးပေါင်းရိုက်ကူးထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဂျွန်လရော်၊ အကယ်ဒမီဆုရှင် သရုပ်ဆောင်များ ဖြစ်ကြသည့် ရန်အောင်၊ ဇင်ဝိုင်း၊ ထွန်းထွန်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်နှင့် ခင်ဇာခြည်ကျော်၊ မော်နီကာပန်နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကာ Hkakabo Razi Pictures ရုပ်ရှင်ထုတ်လုပ်ရေး၊ တာဝန်ခံထုတ်လုပ်သူ ဘရန်မိုင်က လူငယ်ပညာပေး ဒရာမာဇာတ်ကားအဖြစ် ထုတ်လုပ်ထားသည်။
“လူဆိုတာ နိုင်ငံနဲ့လူမျိုးအတွက် အင်မတန်တန်ဖိုးရှိတဲ့သူတွေ၊ စွမ်းအားသတ္တိတွေရှိတယ် ဆိုတဲ့ ခွန်အားပေးချင်လို့ ဒီကားလေးကို ကိုယ်တိုင်ရေးပြီးတော့ ရိုက်ဖြစ်သွားတာပါ။ ကိုယ့်ကိုကိုယ် တန်ဖိုးမဲ့တယ်လို့ခံစားနေရတဲ့သူတွေ ကျွန်တော်တို့ကိုယ်တိုင်လည်း တစ်ခါတလေ ခံစားရတာမျိုး ရှိတယ်၊ တန်ဖိုးမဲ့တယ်လို့ ခံစားရတဲ့အချိန်တွေရှိတယ်။ အဲဒါမျိုးခံစားရနေတဲ့ လူငယ်တွေအတွက် လူဆိုတာ သူ့နေရာနဲ့သူ အစွမ်းအစရှိတယ်၊ ကိုယ့်ရဲ့အစွမ်းအစ၊ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်နားလည် ပြီး ဘဝကို ဖြတ်သန်းရမယ်ဆိုတဲ့ ခွန်အားတွေ ပေးချင်လို့ပါ။
ဇာတ်ကားအမည်ကိုလည်း တန်ဖိုးဆိုပြီး ပေးထားတာပါ။ ကိုရီးယားဇာတ်လမ်းတွဲ အငွေ့အသက်လေးတွေပါမယ်၊ မြန်မာနိုင်ငံရဲ့အငွေ့ အသက်လေးတွေပါမယ်၊ ပရိသတ်တွေ သဘောကျကြမယ်ထင်ပါတယ်၊ မြန်မာနဲ့ ကိုရီးယား အနုပညာရှင် ပူးပေါင်းပြီး ရိုက်ကူးတဲ့ ဇာတ်ကားလေးပါ " ဟု ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဂျွန်လရော်က ပြောသည်။
“ဒီကားကို အစအဆုံးကြည့်ပြီး တော်တော်လေး သဘောကျတယ်၊ lighting၊ Sound system တွေ၊ ကာလာတွေနဲ့ တင်ပြပုံတွေက ကောင်းတယ်" ဟု အကယ်ဒမီ ရန်အောင်က ပြောသည်။
“ကိုရီးယားပညာရှင်တွေနဲ့အတူ ရိုက်ရတော့ ပညာရတယ်၊ ကြိုတင်ပြင်ဆင်တာတွေများတယ်၊ သူတို့က အလုပ်ကိုအာရုံထားတယ်၊ လုပ်ငန်းခွင်မှာ ဖုန်းတွေသုံးတာမရှိဘူး၊ အေးမြတ်သူ ကတော့ ဒီကားထဲမှာ မာမာပါ၊ အကောင်းဆုံး ကြိုးစားထားပါတယ်” ဟု သရုပ်ဆောင် အေးမြတ်သူ က ပြောသည်။
သန့်ဇင်ဝင်း