နေပြည်တော် ၅ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် အင်းလေးကန် သာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အဓိကရေလမ်းကြောင်းတစ်လျောက် ရေလမ်းအမှတ်အသားများနှင့် နယ်နိမိတ် မှတ်တိုင်များ စိုက်ထူထားရှိမှု၊ စူးစမ်းလေ့လာခြင်းလုပ်ငန်းများ၊ နုန်းဖမ်းတမံနှင့် နုန်းဖမ်းဆည်များ တည်ဆောက်ခြင်းလုပ်ငန်း၊ ကျွန်းမျောရိုင်းများ ဖယ်ရှားရှင်းလင်းနေမှုနှင့် စုစည်းထိန်းချုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အင်းလေးကန်သည် ဒေသအတွင်း မှီတင်းနေထိုင်ကြသော သက်ရှိများနှင့် ဂေဟစနစ်တို့အပေါ် အပြန်အလှန် ချိတ်ဆက်လွှမ်းမိုးထားသော တန်ဘိုးရှိသည့် သဘာဝအရင်းအမြစ် တစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် ခရီးသွားဒေသတစ်ခုလည်း ဖြစ်သည့်အားလျော်စွာ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တိမ်ကောပျက်စီးမှုကို ဟန့်တားထိန်းချုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသနေပြည်သူများအား အင်းလေးကန်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး စည်းရုံးခြင်း၊ ဘဏ္ဍာနှစ်အလိုက် ထိရောက်သော စီမံဆောင်ရွက်မှုများဖြင့် ဦးစားပေးလုပ်ငန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ချက်များကို မှာကြားသည်။
အင်းလေးကန်သည် ကန်ဧရိယာ ၆၃ စတုရန်းမိုင်၊ ကန်ရေပြင်အကျယ် ဧရိယာ ၂၄ စတုရန်းမိုင်ရှိသည်။ ၁၉၉၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၂၅ နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၃၆ ဒသမ ၅ လက်မခန့် ရွာသွန်းခဲ့ပြီး ချောင်း ၂၉ ချောင်းမှ ရေစီးဝင်လျက်ရှိသည်။
အင်းလေးကန် အစဉ်အမြဲ သန့်ရှင်းသာယာလှပစေပြီး သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ဂေဟစနစ်များ မပျက်သုဉ်းစေရန်နှင့် အင်းလေးကန်၏ သဘာဝ အနေအထားများ အရှည်သဖြင့် တည်တံ့နေစေရန်တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဒေသဆိုင်ရာအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး နှစ်စဉ်သဲနုန်းကျင်းပေါင်း တစ်သိန်းခန့် တူးဖော်ဖယ်ရှားပေးလျက်ရှိသည်။
(သတင်းစဉ်)


