ဒီးမော့ဆို ၅ စက်တင်ဘာ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဒေါကလော်ဒူကျေးရွာအုပ်စု၊ ဒီးမော့ဆိုကျေးရွာအုပ်စုနှင့် သေးဆူလဲ ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ် အောက် ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေ သွားရောက် ပေးအပ်ရာတွင် စံပြ(၆)မိုင်ကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၁၄၅) ဦး၊ (၂)နှစ်အောက် ကလေးငယ် (၁၃၄) ဦး၊ ဒေါကလော်ဒူကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၃၀) ဦး၊ (၂) နှစ်အောက် ကလေးငယ် (၃၇) ဦး၊ ဒီးမော့ဆိုကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၁၇၉) ဦး၊ (၂) နှစ်အောက် ကလေးငယ် (၁၂၉) ဦးနှင့် သေးဆူလဲကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၂၅) ဦး၊ (၂) နှစ်အောက် ကလေးငယ် (၅၉) ဦးအား တစ်လလျှင် ငွေကျပ် ၁၅၀ဝဝ ဖြင့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ် ၄၅၀ဝဝ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကိုနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်တို့က ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ အားပေးအမှာစကား ပြောကြားကြပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများကို မကြာမီ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


