နေပြည်တော် ၅ စက်တင်ဘာ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သံတောင်မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၏ သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်ကို မြို့ရုံးပြည်သူ့စာကြည့်တိုက် အင်္ဂါရပ်နှင့်အညီ ပြန်လည်ဖွဲ့စည်းပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မြေဧက ဝ ဒသမ ၂၇၃ တွင် (၆၀ x ၂၀x ၁၂)ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ သမံတလင်းခင်း တစ်ထပ်အဆောက်အဦသည် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှစတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀ဝ၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် သံတောင်မြို့နယ်ရှိ သံတောင်ကြီးမြို့ကို မြို့နယ်ခွဲအဆင့် တိုးမြှင့်ခဲ့သည့်အတွက် ၂၀ဝ၇ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် သံတောင်မြို့နယ်ရုံး ဖွင့်လှစ်ထားခြင်းကို ဖျက်သိမ်းပြီး သံတောင်မြို့နယ်ခွဲရုံးအဖြစ်ထားရှိ၍ သံတောင်ကြီးမြို့နယ်ခွဲကို သံတောင်ကြီးမြို့နယ်အဖြစ် တိုးမြှင့်ခဲ့ပါကြောင်း၊ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သံတောင်ကြီးမြို့နယ်နှင့် သံတောင်မြို့နယ်ဟူ၍ ရုံး (၂) ရုံး ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀ဝ၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် ၂၀ဝ/၂၄-၆၅/ဦး ၁ ဖြင့် သံတောင်မြို့နယ်ခွဲကို မြို့နယ်ခွဲ စာရင်းမှ ပယ်ဖျက်ပြီးသံတောင်ကြီးမြို့နယ်၏ လက်အောက်ခံမြို့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ သံတောင်မြို့နယ်ခွဲရုံးကို ဆက်လက်ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ အသစ်ဖွင့်လှစ်သည့် လိပ်သိုမြို့နယ်ခွဲနှင့် ဘောဂလိမြို့နယ်ခွဲများအတွက် စာအုပ်စာစောင်များ၊ ရုံးသုံးပရိဘောဂများနှင့် စက်ပစ္စည်းများကိုတစ်ဝက်စီခွဲဝေ၍ ရုံးများဖွင့်လှစ်ခဲ့ပါကြောင်း။
၂၀၁၈ ခုနှစ်၊ မေ ၂၁ ရက်တွင် သံတောင်ကြီးမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်က သံတောင်မြို့ စာကြည့်တိုက် ပြန်လည် ဖွင့်လှစ် ပေးနိုင်ခြင်းရှိ/မရှိ ကြယ်ပွင့်မပြ မေးခွန်းမေးမြန်း လာခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်တွင် သံတောင်မြို့ရှိ ယခင်စာကြည့်တိုက် အဆောက်အအုံဟောင်းကို ဌာနခွင့်ပြုရန်ပုံငွေ ငွေကျပ် ၉၀၄၇၀ဝ၀ တိတိဖြင့် ပြန်လည်ပြုပြင်ပြီး သံတောင်မြို့ပြည်သူ့စာကြည့်တိုက်အဖြစ် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ယခင်ပြည်ထဲရေးဝန်ကြီးဌာန)၏ မြို့နယ်များ၊ မြို့များအဆင့်သတ်မှတ်ချက် အမိန့်ကြော်ငြာစာအပေါ်တွင် မူတည်၍ မြို့နယ်ရုံး၊ မြို့ရုံးများဖွင့်လှစ် ဆောင်ရွက်ရပါကြောင်း၊ သံတောင်မြို့တွင် မြို့ရုံးအဆင့် ဖွင့်လှစ်ပေးရန်ကိစ္စနှင့် ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက် ရရှိသည့်အခါမှသာ ဖွင့်လှစ်နိုင်ရေးစီစဉ်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ယခုအခါ သံတောင်မြို့တွင် မြို့ရုံးအဆင့် ဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်းဝန်ထမ်း (၂)ဦးဖြင့် ပြည်သူ့စာကြည့်တိုက်ဖွင့်လှစ်၍ သုတရသစာအုပ်ပေါင်း (၁၅၀ဝ)၊ စာအုပ်ဗီရို (၃) လုံး၊ စာအုပ်စင်(၂)စင်၊ ရုံးသုံးစားပွဲ (၆×၃)ပေ(၂)လုံး၊ ပလတ်စတစ်ထိုင် ခုံအလုံး (၃၀)၊ ကလေးစာဖတ်ခန်းသုံးစားပွဲ (၄) လုံးတို့ဖြင့် ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
သံတွဲ မဲဆန္ဒနယ်မှ ဦးမင်းကြည်၏ သံတွဲခရိုင်အတွင်းရှိ ပြည်ထဲရေး အမည်ပေါက် ကျေးရွာတချို့တွင် အမည်(၂)မျိုး ခေါ်ဝေါ်သုံးစွဲနေခြင်းအား မည်သည်က အမှန်ဖြစ်သည်ကို သိလိုခြင်း နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က အချို့သော ဒေသခံ ပြည်သူများအနေဖြင့် ကျေးရွာအမည်များအား ဒေသန္တရအခေါ်အဝေါ်များ ခေါ်ဝေါ်သုံးစွဲနေခြင်းတို့ ရှိသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမိန့်ကြော်ငြာစာထုတ် ပြန်ပြီး နိုင်ငံတော်ပြန်တမ်းတွင် တရားဝင်သတ်မှတ်ထားသည့် သာယာကုန်းကျေးရွာ၊ ခရေတန်းကျေးရွာ၊ သပြေကွင်းကျေးရွာ၊ ရတနာမြိုင်ကျေးရွာအုပ်စု၊ ရတနာမြိုင်ကျေးရွာ စသည့် အမည်များသာ အမှန်ဖြစ်ပါကြောင်း၊ ဒေသန္တရအခေါ်အဝေါ်များ ခေါ်ဝေါ်သုံး စွဲနေခြင်းကိုလည်း ကန့်သတ်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဘုတလင် မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၏ တည်ဆောက်ရေး လုပ်ငန်းတစ်ခု တည်းတွင် မြို့နယ် QC နှင့် အခြားအရည်အသွေးစစ်ဆေးရေးအဖွဲ့တို့သည် မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်နေသည်နှင့် တည်ဆောက်ရေးလုပ်ငန်းတစ်ခု သတ်မှတ်ကာလ မတိုင်မီ ပျက်စီးပါက တင်ဒါအောင် ကုမ္ပဏီနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့များက မည်သို့တာဝန်ယူမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် သော်လည်းကောင်း၊ လုပ်ငန်းတင်ဒါအောင်မြင်၍ တာဝန်ယူဆောင်ရွက်ရသည့် ကုမ္ပဏီများအနေဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာလုပ်ငန်း၏ သတ်မှတ်ပေးထားသည့် Design ၊ Drawing နှင့် Specification များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အဆိုပြုပုံစံများအတိုင်း သက်တမ်းကာလ ကြာမြင့်၍ ခိုင်ခံ့မှုရှိစေရန် အပြည့်အဝတာဝန်ယူ တည်ဆောက်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။
တင်ဒါအောင်မြင်သူသည် လုပ်ငန်း၏ပုံစံပြုသက်တမ်းအတိုင်း ခိုင်ခံမှုကို အပြည့်အဝတာဝန်ယူရမည်ဖြစ်ပြီး တရားဝင်လွှဲပြောင်းပြီးစီးသည့်ရက်မှ ၂ နှစ်အတွင်း ပျက်စီးမှုများ ဖြစ်ပေါ်လာပါက ကုမ္ပဏီ၏စရိတ်ဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းစာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွင် ထည့်သွင်းချုပ်ဆိုထားပါကြောင်း။
တည်ဆောက်ရေးလုပ်ငန်းတစ်ခု သတ်မှတ်ကာလမတိုင်မီ ပျက်စီးပါက အဓိက တာဝန်ရှိသူသည် တည်ဆောက်ရေးဆောင်ရွက်သော တင်ဒါအောင်ကုမ္ပဏီများဖြစ်၍ ပြန်လည်ပြုပြင်ပေးရမည်ဖြစ်ပါကြောင်း၊ ပြုပြင်နိုင်ခြင်းမရှိပါက ပျက်စီးမှုတန်ဘိုး ပေးလျော် ရမည်ဖြစ်ပြီး အရည်အသွေးပြည့်မီမှုမရှိဘဲ ဆိုးရွားစွာဆောင်ရွက်ထားပါက အဆိုပါကုမ္ပဏီအား Black List ရေးသွင်းခြင်း၊ တာဝန်ခံအင်ဂျင်နီယာအား အင်ဂျင်နီယာကောင်စီမှ အရေးယူခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ရေးဆွဲလျက်ရှိပြီး တည်ဆောက်ရေးကုမ္ပဏီများနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ တာဝန်ခံ အင်ဂျင်နီယာ၊ မှတ်ပုံတင် အင်ဂျင်နီယာ ပညာရှင်၊ မှတ်ပုံတင်အင်ဂျင်နီယာများ၏ တာဝန်ယူမှု တာဝန်ခံမှုများကို ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၏ ကျေးလက်နေတောင်သူများဘဝ တိုးတက် မြင့်မားလာရေး ကျွဲ၊ နွားအရှင် တင်ပို့ခွင့်အရ နိုင်ငံ၏မွေးမြူရေးကဏ္ဍ တိုးတက်လာရေးနှင့် GDP တိုးတက်လာစေရေးအတွက် မိမိပိုင်လယ်မြေတွင် စားကျက်မြေ စိုက်ပျိုးနိုင်ခွင့်၊ စိုက်ပျိုးနည်းပညာနှင့် အထောက်အပံ့ချေးငွေများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က လည်းကောင်း၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ ကျောင်းကုန်းမြို့နယ်တွင် နိုင်ငံတကာ အဖွဲ့အစည်းဖြင့် ဆောင်ရွက်ရန်လျာထားသည့် ကျေးလက်လမ်း (၆)လမ်း အား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၏ မြန်မာနိ်ုင်ငံ အနှံ့အပြားရှိ ကြိုးတံတားများကို လက်ရှိကြိုးတံတားကြီးများ၏ ခိုင်ခံ့မှု ပိုမိုရှိလာစေရန် ကြိုးအစားထိုးခြင်း(သို့မဟုတ်)အခြားနည်းလမ်းရှာ၍ လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ ကန်ပက်လက်မြို့နယ်၊ မုန်းချောင်းကူး ဘေလီတံတား ပေ (၄၀ဝ)နှင့် မှေးချောင်းကူး ဘေလီတံတား ပေ ၂၀ဝ တံတား နှစ်စင်းအား ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက လည်းကောင်း ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် ရေနံစူးစမ်းရှာဖွေခြင်း၊ ရေနံတူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ တူညီနေပါသဖြင့် တစ်ပေါင်းတည်း စိစစ်သွားနိုင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ လွှဲပြောင်းပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာ သော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးဇော်မင်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့် ၁၈ ချက်၊ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၃၀ ချက်တို့ကို တင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့် ပြင်ဆင်ချက် ၆ ချက်အား ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လွှတ်တော်တို့၏ သဘောထားရယူ အတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာဦးစိုးမိုးသူ တင်သွင်းသည့် ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်း၏ အနှစ်သာရအား ပိုမိုထိရောက်စွာ အကောင် အထည်ဖော်နိုင်စေရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်ကာ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်အတွင်း အပြီးအပြတ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဘိုကလေး မဲဆန္ဒနယ်မှ ဦးမင်းသိုင်းက ဘဏ္ဍာရေးနှစ်ပြောင်းလဲလိုက်ခြင်းသည် ပွင့်လင်းရာသီအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်နိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ သို့ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် အဆိုပါ မူဝါဒအား အကောင်အထည်ဖော်ရန် စီမံခန့်ခွဲမှုအားနည်းချက်များရှိသည်ကို တွေ့ရပါကြောင်း၊ ဆောက်လုပ်ရေးတင်ဒါခေါ်ယူသည့်အခါ ၆လ နီးပါးအချိန်ယူသည်ကို လည်းတွေ့ရပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် တင်ဒါလုပ်ထုံး လုပ်နည်း(၁/၂၀၁၇)အားအထူးလိုက်နာရန် လိုအပ်ပြီး သေချာဆန်းစစ်လေ့လာရမည် ဖြစ်ပါကြောင်း၊ တင်ဒါတာဝန်ယူသည့်ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရန်နှင့် အဂတိ ကင်းရှင်းရန်လည်း လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူ့ဘဏ္ဍာနှင့် ပြည်သူများအသုံးပြု မည့် တည်ဆောက်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း။
စီမံကိန်းတစ်ခုတွင် ဆောက်လုပ်ရေးတည်ဆောက်ရုံဖြင့်မပြီးဘဲ အရည်အသွေး စစ်ဆေးသည့်အဖွဲ့သည်လည်း တာဝန်ကျေပွန်စွာ၊ အဂတိကင်းကင်းဖြင့် စစ်ဆေးပေးရန်နှင့် သက်ဆိုင်ရာနယ်မြေခံကိုယ်စားလှယ်များနှင့်လည်း ချိတ်ဆက်ရန် လိုအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှက အဆိုရှင်တင်ပြသည့်အတိုင်း ပြည်ထောင်စု အစိုးရအဖွဲ့က တင်ဒါခေါ်ယူခြင်းလုပ်ငန်းများကို အလေးအနက်ထားအကောင်အထည် ဖော်ဆောင်ရွက်ပေးပါက မိမိတို့နယ်စပ်ဒေသများသည် ဇန်နဝါရီနှင့် မိုးမများသေးသည့် ဖေဖော်ဝါရီ နှစ်လအတွင်းတွင် တည်ဆောက်ရေးပစ္စည်းများကို သယ်ယူဆောင်ရွက် ထားရမည်ဖြစ်ပါကြောင်း၊ စာချုပ်ချုပ်ဆိုခြင်းကို နောက်မှ ချုပ်ဆိုပြီး တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြသောကြောင့် အချိန်လု၍ လုပ်ကြရပါကြောင်း၊ လုပ်ငန်းပြီးပြတ်မှုများကို မြို့နယ်စိစစ်ရေးအဖွဲ့သို့ တင်ပြသည့်အခါ အချိန်နှင့်တပြေးညီ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ပေးရမည်ဖြစ်သော်လည်း ဆောင်ရွက်ပေးမှုများ မရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ပြင် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် တင်ဒါခေါ်ယူမှု လုပ်ငန်းများကို အလေးအနက်ထား ဆောင်ရွက်ရန် လိ်ုအပ်ပါကြောင်း။
ထို့ကြောင့် အရည်အသွေးပြည့်မီသည် ပြည်သူ့ဘဏ္ဍာငွေများကို အလေအလွင့် မရှိစေဘဲ အကျိုးရှိရှိအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပွင့်လင်းရာသီကာလတွင် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရန်၊ ဘဏ္ဍာငွေပြန်လည်အပ်နှံခြင်းများ မဖြစ်စေရန်၊ ပြည်ထောင်စုအစိုးရအဖွဲ့က ဘဏ္ဍာနှစ်ပြောင်းလဲသတ်မှတ်ခြင်း၏ ရည်ရွယ်ချက်အနှစ်သာရများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့အတွက် အဆိုကို ဒေသနှင့် လက်ရှိမြေပြင် ပကတိအခြေအနေကိုအခြေခံ၍ လေးလေးနက်နက်ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ သရက် မဲဆန္ဒနယ်မှ ဦးကံမြင့်၊ လောင်းလုံး မဲဆန္ဒနယ် ဒေါ်ခင်စန္ဒီ၊ ပေါင်း တည် မဲဆန္ဒနယ်မှ ဦးအေးမင်းအောင်၊ ဖားကန့် မဲဆန္ဒနယ်မှ ဦးတင့်စိုး၊ ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ ကျုံပျော် မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ မင်းလှ မဲဆန္ဒနယ်မှ ဦးကျော်ကြီး(ခ)ဦးအုန်းခင်၊ ကျေးသီး မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်၊ တန့်ဆည် မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၊ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၊ ခေါင်လန်ဖူး မဲဆန္ဒနယ်မှဦးအာမိုးဆီ၊ ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၊ လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်း၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ မြန်အောင် မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးခင်မောင်ဆွေ၊ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၊ လယ်ဝေး မဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးနှင့် ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီတို့က ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလမ်းညွှန်ချက်(၁/၂၀၁၇)နှင့်အညီဆောင်ရွက်ရာတွင် လိုအပ်သောပုံစံအချက် အလက်များ ပြည့်စုံစွာဖြင့် စနစ်တကျ တင်ဒါခေါ်ယူမှသာ တင်ဒါလုပ်ငန်းစဉ်များ ကြန့်ကြာမှု မရှိဘဲ လုပ်ငန်းများဆောလျင်စွာ စတင်နိုင်မည်ဖြစ်ပြီး ဘဏ္ဍာရေးနှစ် ပြောင်းလဲခြင်း၏ အနှစ်သာရအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း။
ရန်ပုံငွေခွင့်ပြုမိန့်ရရှိပြီးမှသာ တင်ဒါလုပ်ငန်းစတင်ရမည်ဖြစ်၍ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်ကာလအတွင်း တည်ဆောက်ရေးတင်ဒါခေါ်ယူခြင်းလုပ်ငန်းများအပြီး အပြတ်ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေးအရသုံးဆိုင်ရာ ရန်ပုံငွေခွင့်ပြုမိန့်နှင့် လုပ်ငန်းအတည်ပြုချက်များအား ဘဏ္ဍာရေးနှစ်မတိုင်မီ အတည်ပြုခွင့်ပြု မိန့်ချမှတ်ပေးရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်း အဆိုပြုလွှာ (Project Proposals)များ တင်ပြရာတွင် Feasibility study report စနစ်တကျ ရေးသားတင်ပြစေခြင်း၊ Design, Drawing, Estimate,B.Q များ စနစ်တကျ ရေးဆွဲတွက်ချက်ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့(ငွေလုံးငွေရင်း)ဥက္ကဋ္ဌမှ ဘတ်ဂျက်ထဲတွင် ထည့်သွင်းလျာထားလိုသော တည်ဆောက်ရေးလုပ်ငန်းများကို ကြိုတင်လေ့လာဆန်းစစ်ခြင်း၊ မြေနေရာအတည်ပြုချက်ရယူခြင်း၊ ပုံထုတ်ခြင်းနှင့် ခန့်မှန်းခြေစာရင်းရေးဆွဲခြင်းများကို တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်မည့် ဘဏ္ဍာနှစ်မရောက်မီ (၁)နှစ်ကြိုတင်၍ ဆောင်ရွက်ပြီးမှသာ ဘတ်ဂျက် တင်ပြတောင်းခံကြရန် ဝန်ကြီးဌာနများသို့ လိုက်နာဆောင်ရွက်ရန် ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ လိုအပ်သည်များကြိုတင်ဆောင်ရွက်ခြင်းဖြင့် တည်ဆောက်ရေးတင်ဒါ ခေါ်ယူခြင်းလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်၏ ပထမ (၃)လပတ်တွင် အပြီးအပြတ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
သက်ဆိုင်ရာလုပ်ငန်းများအားလုံးကို ဘဏ္ဍာရေးနှစ်ပြောင်းလဲပြီး အောက်တိုဘာ ၁ ရက် ပွင့်လင်းရာသီအစတွင် ချက်ချင်း စတင်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များက လိုအပ်သည့် Drawing များကို တစ်နှစ်ကြိုတင်ရေးဆွဲထားရန်၊ တည်ဆောက်သည့် မြေနေရာတွင်ရှိနေသည့် ကျူးကျော်များကို ဖယ်ရှားထားရန်၊ အဆောက်အဦ အဟောင်းများကို ဖျက်သိမ်းထားရန် စသည်တို့ကို ဆောင်ရွက်ထားရန်အတွက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအစည်းအဝေးတွင် မိမိတို့ဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အားလုံးကို မှာကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုအား ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ထောက်ခံပါကြောင်းနှင့် လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထား ရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်၊ ကျော်ဇင်ထိုက်


