နေပြည်တော် ၅ စက်တင်ဘာ

ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ၊ ရွှေသိမ်တော်ဘုရားအရှေ့မှ မော်တော်ယာဉ်အား ခိုးယူမောင်းနှင်သွားသူအား ရဲတပ်ဖွဲ့အချင်းချင်းချိတ်ဆက်ကာ လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာရှိ ရွှေသိမ်တော်ဘုရား အရှေ့ဘက်မုခ်ပေါက်၌ စက်တင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီတွင် ပဲခူးမြို့၊ ဥဿာမြို့သစ်နေ ဦးဇော်မိုးဝင်းနှင့် မိသားစုဝင် ၄ ဦးသည် 9C/xxxx Pajero ယာဉ်အား စက်နှိုး၍ ရပ်တန့်ထားပြီး ဘုရားဝင်းအတွင်းသို့ ဘုရားပုံတော်နှင့် ရွှေသင်္ကန်းများ ဝင်ရောက်ဝယ်ယူနေစဉ် မော်တော်ယာဉ်အား သန်လျင်မြို့နယ်၊ ကောလိပ်ရပ်ကွက်နေ ပိုင်ဦးဟိန်းမှ ခိုးယူ၍ ကျောက်ဆည်မြို့မှ ရန်ကုန်ဘက်သို့ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ရန်ကုန်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး၍ ရဲတပ်ဖွဲ့ဝင်များမှ မြို့ဝင်/မြို့ ထွက်အား  ပိတ်ဆို့ထားရာ မန္တလေးဘက်သို့ ပြန်လှည့်မောင်းနှင်သွားသဖြင့် ရွှေတောင်နယ်မြေ ရဲစခန်းမှူးနှင့်အဖွဲ့မှ မော်တော်ယာဉ်ဖြင့် ထပ်ချပ်လိုက်လံဖမ်းဆီးခဲ့စဉ် ရန်ကုန်−မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၃၆၃/၆-၇) ကြားအရောက်တွင် မော်တော်ယာဉ် ဘေးချင်းယှဉ်မောင်းနှင်ကာ တားဆီးရာ ရပ်တန့်ပေးခြင်းမရှိသောကြောင့်  ယာဉ်၏နောက်ဘီး ၂ လုံးနှင့် ယာရှေ့ဘီးတို့အား သတိပေး ပစ်ခတ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်သွားပြီး  ဘုရားစုကျေးရွာအနီး၌ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှ ပိတ်ဆို့ ဖမ်းဆီးရမိခဲ့သည်။

မော်တော်ယာဉ်အား ခိုးယူမောင်းနှင်ထွက်ပြေးစဉ် ကူမဲမြို့ ကောင်းသန့်မိုဘိုင်း ဖုန်းဆိုင်ရှေ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် မြစ်သားမြို့နယ်၊ တလိုင်းကုန်းကျေးရွာနေ လှိုင်ထက်ဝေ မောင်းနှင်သော ဆိုင်ကယ်အား နောက်မှဝင်ရောက်တိုက်မိခဲ့၍ လှိုင်ထက်ဝေတွင် ဒဏ်ရာများရရှိခဲ့သည်။

သို့ပါ၍ ပြစ်မှုကျူးလွန်သူ ပိုင်ဦးဟိန်းအား ကျောက်ဆည်မြို့မရဲစခန်း(ပ) ၆၀၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့်လည်းကောင်း၊ ကူမဲနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား