နေပြည်တော် ၅ စက်တင်ဘာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများအကြား ကျန်းမာရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၇၂) ကြိမ်မြောက် အရှေ့တောင်အာရှဒေသ ဆိုင်ရာကော်မတီအစည်းအဝေးသို့ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၃ ရက်တွင် ကျင်းပသော ဘေးအန္တရာယ်များဆိုင်ရာ ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်၍ ဘေးအန္တရာယ်များ ကျရောက်ပြီးလျှင်ပြီးခြင်းတွင် ဘေးအန္တရာယ်ဖြစ်စဉ် အပေါ်တုံ့ပြန်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကောင်းများအား ဒေသတွင်းနိုင်ငံများအချင်းချင်း မျှဝေဖလှယ်နိုင်ရေး၊ ဘေးအန္တရာယ်ကျရောက်သည့် နိုင်ငံ၊ နေရာဒေသသို့ ဒေသတွင်း နိုင်ငံများမှ သွားရောက်၍ လက်တွေ့အတွေ့အကြုံများ မျှဝေရယူနိုင်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲနေသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ရန် ပြုပြင်မွမ်းမံ၍ ထုတ်ပြန်ရေးနှင့် အဆိုပါကိစ္စရပ်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ယူ၍ အဖွဲ့ဝင်နိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီ မျှဝေပေးရေးကို အလေးပေးလုပ်ဆောင်ရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသတွင်း၌ အရေးပေါ်အခြေအနေများကို ကျန်းမာရေးကဏ္ဍမှ ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် “ဒေလီကြေညာချက်”ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အရှေ့တောင်အာရှဒေသနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့်အတူ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
ယင်းနောက် အရှေ့တောင်အာရှဒေသဆိုင်ရာ ကော်မတီအစည်းအဝေးကို ကျင်းပရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Poonam Singh က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၁၈-၂၀၁၉) ခုနှစ် ရန်ပုံငွေအထောက်အပံ့ဖြင့် နိုင်ငံအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်အောင်မြင်မှုနှင့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းပြည်သူ့ ကျန်းမာရေးပြဿနာများသည် အချိန်နှင့်အမျှ ပြောင်းလဲနေပါကြောင်း၊ ထိုသို့ အသွင်ပြောင်းလဲလာသော ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံအနေဖြင့် ဆန်းသစ်သောချဉ်းကပ်မှု၊ ခိုင်မာအားကောင်းသော အတတ်ပညာနှင့်နည်းပညာများကို အသုံးပြုပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံ ကျန်းမာရေးသုတေသန ဆိုင်ရာအမြဲတမ်းအတွင်းဝန်နှင့် အိန္ဒိယဆေးသုတေသနကောင်စီ၏ ညွှန်ကြားရေးမှူးချုပ် Professor Dr. Balram Bhargava နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ ဆေးသုတေသနဦးစီးဌာနနှင့် အိန္ဒိယဆေး သုတေသနကောင်စီတို့အကြား ကူးစက်ရောဂါ၊ မကူးစက် ရောဂါများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ အမြန်ဆုံးရေးထိုးနိုင်ရေး၊ အိန္ဒိယ ဆေးသုတေသနကောင်စီမှ အဆင့်မြင့်သုတေသနပညာရှင်များ ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံသို့လာရောက်၍ ပူးပေါင်းဆောင်ရွက်ရန် စီမံချက်ချမှတ်ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Poonam Singh နှင့်တွေ့ဆုံ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် သုတေသနလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာကော်မတီ အစည်းအဝေး၌ လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများ၊ ဝက်သက်ရောဂါကင်းစင်ရေး၊ ဂျိုက်သိုးရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက်များနှင့် အရေးပေါ် စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား အဆင့်စီမံချက်၊ ဒေသတွင်းတီဘီ ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းစီမံချက်၊ သားအိမ်ခေါင်းကင်ဆာကင်းစင်ရေး၊ မြွကေိုက်မှု ကာကွယ်ထိန်းချုပ်ခြင်း၊ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုကို ထိန်းချုပ်ခြင်း အစရှိသည့် အကြောင်းအရာကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


