၆ စက်တင်ဘာ
အနာကတော့ လူတိုင်းမှာဖြစ်တာပဲ မထူးဆန်းပါဘူး၊ လို့များတွေးနေလား။ အနာကဖြစ်ပြီးရင် ပျောက်သွားတယ်ဆိုတဲ့ အယူအဆက လူတိုင်းအတွက် မမှန်နိုင်ပါဘူး။ ဆီးချိုရောဂါသည်တွေက အနာဖြစ်ပြီးရင် ကျက်ဖို့မလွယ်ပါဘူး။ ဒါကြောင့် ဆီးချိုဝေဒနာသည်တွေ အနေနဲ့ အနာကိုမဖြစ်ခင်က ကြိုတင် ကာကွယ်တာက အကောင်းဆုံးပါ။ အနာဖြစ်လာရင်လည်း သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။
ဆီးချိုဝေဒနာရှင်တွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ သေချာဂရုမစိုက်ဘဲ ထားမယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲဝေဒနာတွေခံစားရပြီး ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ ဖြတ်တောက်ရတာမျိုး အထိဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိနေတာကြောင့် ထိခိုက်မိတာမျိုး မဖြစ်အောင် ဂရုစိုက်နေပေမယ့်လည်း မတော်တဆ ထိခိုက်မိတာမျိုးဖြစ်မယ်ဆိုရင် ဘယ်လိုများ ဂရုစိုက်ရမလဲ မသိဖြစ်နေသူတွေအတွက် အနာဂရုစိုက်နည်းလေး ဝေမျှပေးပါရစေ။
ဆီးချိုဝေဒနာသည်တွေမှာ ဘာကြောင့် အနာကျက်ဖို့ခက်တာလဲ
ဆီးချိုဝေဒနာရှိသူတွေ အနေနဲ့ သာမန်ထိခိုက်ရှနာမျိုးကိုတောင် သေချာဂရုစိုက်ဖို့လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားက လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးသော အရံအတားတစ်ခုမို့ပါ။ အရေပြားက ခန္ဓာကိုယ်ထဲကို ပြင်ပရောဂါတွေမဝင်ရောက်နိုင်အောင်တားဆီးပေးတဲ့ ခံတပ်တစ်ခုပါ။ ဒါကြောင့် အရေပြားပွန်းပဲ့သွားတာက ကိုယ်ခံအား ကောင်းနေတဲ့ပုံမှန်လူတွေမှာတောင် ရောဂါပိုးတွေ ကိုယ်တွင်းကိုဝင်ရောက်ပြီးထိခိုက်တာမျိုးဖြစ်နိုင်တယ်ဆိုရင် ကိုယ်ခံအားနည်းနေတဲ့ ဆီးချိုဝေဒနာရှင်တွေမှာဆို ပိုဆိုးစေမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။
ဆီးချိုဖြစ်တဲ့အခါ အာရုံကြောတွေ ထိခိုက်သွားတာကြောင့် ထိခိုက်မိတဲ့အခါ ချက်ချင်းမသိတာ၊ အပူနဲ့ကပ်မိနေတာတွေကို မသိတာကြောင့် မလိုအပ်ဘဲ အနာကကြီးသွားတာမျိုးဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အနာကျက်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့ သွေးလှည့်ပတ်မှုပါ။ ဆီးချိုဖြစ်တဲ့အခါ သွေးလှည့်ပတ်မှုက အားနည်းသွားပြီး အနာကျက်ဖို့ကလည်း တော်တော်လေးနှေးသွားပါတယ်။
အနာဖြစ်လာရင်ဘယ်လိုဂရုစိုက်မလဲ
အနာတစ်ခုခု ဖြစ်လာပြီဆိုရင် ဆီးချိုဝေဒနာရှင်တွေက ပုံမှန်သူတွေထက် ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အနာကျက်အောင်ဂရုစိုက်ပေးနိုင်လေလေ ပိုးဝင်ကူးစက်တာနဲ့ နောက်ဆက်တွဲ ဝေဒနာတွေ ဖြစ်နိုင်ခြေ များလေလေပါ။ ဆီးချိုဝေဒနာရှိတဲ့သူတွေမှာ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် –
အနာအခြေအနေကို ဆန်းစစ်ပါ
ဆီးချိုဝေဒနာသည်တွေမှာဖြစ်နိုင်တဲ့ အနာအမျိုးအစားက ၃ မျိုးရှိပါတယ်။ ဒါတွေကတော့ –
neuropathic
ischemic
neuroischemic ဆိုပြီးရှိပါတယ်။ အနာအမျိုးအစားအပေါ်မှာလိုက်ပြီး အနာဖြစ်စဉ်ချင်း ကွာခြားသလို အနာပိုးဝင်ကူးစက်ပုံချင်းနဲ့ အနာကျက်ဖြစ်စဉ်ချင်းလည်း ကွာခြားပါတယ်။ ဆီးချိုအနာတွေကို သေချာဂရုမစိုက်တဲ့အခါ ရေရှည်မှာ မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်နိုင်သလို ကိုယ်လက်အင်္ဂါ ဖြတ်တောက်ရတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အနာဖြစ်လာတဲ့အခါ အနာအခြေအနေကို အရင်သိအောင် ဆန်းစစ်ဖို့လိုပါမယ်။
တစ်ရှုးအသေတွေကိုဖယ်ရှားပါ
အနာတစ်ခုခုဖြစ်တဲ့အခါ အနာကိုသေချာဂရုစိုက်ဖို့လိုပါမယ်။ ဒီလိုလုပ်ပေးတာကအနာပေါ်မှာဖိအားသက်ရောက်မှုကို လျော့ပါးသက်သာ စေနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက အနာပြည်ယိုတာတွေ အနာရင်းတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ အနာကျက်လည်းမြန်စေမှာ အသေအချာပါ။
အနာကို ကာကွယ်ထားပါ
ဆီးချိုဝေဒနာသည်တွေက ပုံမှန်အတိုင်းကို အနာကျက်နှေးတာကြောင့် အနာထဲကိုပိုးဝင်ကူးစက်ခံရနိုင်ခြေက တော်တော်လေးများနေပါတယ်။ ဒါကြောင့် အနာထဲကို ပြင်ပအရာဝတ္ထုတွေ၊ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် ပိုးသတ်ထားတဲ့ ပတ်တီးစပါးပါးလေးနဲ့ အနာကို ကာကွယ်ထားဖို့ပြောပါရစေ။
အနာကို antibiotics တစ်ခုခုလိမ်းပေးပါ
ဆီးချိုဝေဒနာသည်တွေမှာ အနာတစ်ခုခုဖြစ်ရင်အစိုးရိမ်ရဆုံးက အနာပိုးဝင်ကူးစက်တာပါ။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ထိခိုက်ဒဏ်ရာတွေရတဲ့အခါ အနာကို antibiotics တစ်ခုခုလိမ်းထားပေးဖို့မမေ့ပါနဲ့။ ဒီလိုလုပ်တာက အနာထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်ခြေနည်းသွားစေပြီး အနာရင်းတာနဲ့ အနာမကျက်တာမျိုးဖြစ်နိုင်ခြေလည်းနည်းသွားစေမှာပါ။ လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပေးပါ။
အစိုဓာတ်ကိုထိန်းညှိပါ
အနာဖြစ်တဲ့အခါ အနာဝန်းကျင်မှာ လိုအပ်တဲ့အစိုဓာတ်ကိုထိန်းထားဖို့လိုအပ်ပါမယ်။ ဒါမှသာ အနာကျက်တာကို အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အနာကို အရမ်းခြောက်သွေ့အောင်မထားဘဲ အနာတဝိုက်မှာ လိုအပ်တဲ့အစိုဓာတ်ကိုထိန်းညှိထားပေးနိုင်အောင်လုပ်ဆောင်ပေးပါ။
အနာတဝိုက်ကိုနှိပ်နယ်ပေးပါ
အနာတဝိုက်မှာ သွေးစီးဆင်းမှု ကောင်းအောင်လုပ်ဆောင်ပေးတာက အနာကျက်အောင် အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အနာတဝိုက်ကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပြီး သွေးစီးဆင်းမှုကောင်းအောင်လုပ်ဆောင်ပေးခြင်းဖြင့် အနာကျက်မြန်အောင်အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။
အနာကိုတစ်နေ့တစ်ခါစစ်ဆေးပေးပါ
အနာအခြေအနေတွေကို သိရှိနိုင်စေဖို့အတွက် အနာကို တစ်နေ့တစ်ခါလောက်တော့ စစ်ဆေးဖို့လိုပါမယ်။ အနာကို ပတ်တီးအသစ်လဲတာ၊ ဆေးထည့်တာတွေလုပ်ပေးရင်း တစ်နေ့တစ်ခါလောက်အနာကိုစစ်ဆေးပေးတာက အနာသက်သာစေဖို့အတွက် အထောက်အကူဖြစ်စေမှာ အသေအချာပါ။
ဒီအချက်လေးတွေကို ဂရုစိုက်ဆင်ခြင်ပါ
အနာဖြစ်တဲ့အခါ ပိုမိုဂရုစိုက်ရတဲ့ဆီးချိုဝေဒနာရှင်တွေအနေနဲ့ အနာကျက်ဖို့ဆိုရင် အခုပြောတဲ့အချက်လေးတွေကို ဆင်ခြင်ပေးဖို့လိုပါမယ်။
သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပါ၊
အာဟာရသင့်တင့်မျှတစွာစားသုံးပေးပါ၊ (အချို၊ အငန်ကဲတဲ့အစာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို ရှောင်ပါ)
ဆေးလိပ်ဖြတ်ပါ၊
အယ်လ်ကိုဟော ရှောင်ပါ၊
ရေများများသောက်ပါ၊
ကဖင်းဓာတ် ရှောင်ပါ
သွေးစီးဆင်းမှုကောင်းစေဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးပါ၊
ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”