၆ စက်တင်ဘာ
ညညအိပ်မပျော်ဘူး။ မနက်နိုးလာတိုင်းလည်း အိပ်ရေးမဝဘူးဆိုတဲ့ Hello ဆရာဝန် ပရိသတ်ကြီးတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။
ညအိပ်မပျော်ရင် ဘာတွေသောက်ရမလဲ…………
တစ်ညတာအိပ်စက်မှုက ကျန်းမာပျော်ရွှင်နေစေဖို့ အများကြီး အထောက်အကူပြုပါတယ်။ ဒါကြောင့် ညစဉ်ကောင်းစွာအိပ်ပျော်စေဖို့ မအိပ်ခင်မှာ ဒီသောက်စရာလေးတွေကို သောက်ပေးပါ။
ချယ်ရီသီး ဖျော်ရည်
ညနေပိုင်းမှာ ချယ်ရီသီးဖျော်ရည် သောက်ပေးတာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။ ညဆိုင်းဆင်းရသူတွေ အနေနဲ့ကတော့ အလုပ်ပြီးချိန်မှာ သောက်ပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။
ချာမိုမိုင်းလက်ဖက်ရည်
မအိပ်ခင် ၁ နာရီခွဲအလိုလောက်မှာ ချာမိုမိုင်းလက်ဖက်ရည်ထဲကို ပျားရည်နည်းနည်းထည့်ပြီး သောက်ပေးတာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေမှာပါ။
ပင်မှည့်သီးဖျော်ရည်
အိပ်ရာမဝင်ခင် ၁ နာရီခွဲ အလိုလောက်မှာ ပင်မှည့်သီးဖျော်ရည်ထဲကို ပျားရည် နည်းနည်းထည့်ပြီး ဖျော်ပေးလို့သောက်ပေးတာကလည်း ပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိစေမှာပါ။
နို့
မအိပ်ခင် ၁ နာရီခွဲအလိုလောက်မှာ နွားနို့ပူပူလေးတစ်ခွက် သောက်ပေးတာက ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ အနားယူနိုင်စေဖို့ အားဖြည့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ကောင်းကောင်းအိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။
ရေ
ညအိပ်ရာမဝင်ခင်မှာ ရေတစ်ခွက် သောက်ပေးတာက ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းကောင်းလည်ပတ်စေနိုင်သလို ညဘက်မှာလည်း ကောင်းကောင်း အိပ်ပျော်စေနိုင်မှာပါ။
ကဖင်းပါဝင်မှုနည်းတဲ့ လက်ဖက်စိမ်းရေနွေးကြမ်း
ကဖင်းများရင် အိပ်ပျော်စေဖို့ ခက်နိုင်ပေမယ့် ကဖင်းပါဝင်မှုနည်းတဲ့ လက်ဖက်စိမ်း ရေနွေးကြမ်းကတော့ ခန္ဓာကိုယ်ကို အနားရစေပြီး ကောင်းမွန်တဲ့ အိပ်စက်မှုရရှိအောင် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
အုန်းစိမ်းရည်
ညဘက်အိပ်ပျော်စေတဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေကိုပါ ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ညဘက်ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင် ညမအိပ်ခင် ၁ နာရီလောက်မှာ ကောင်းကောင်းအိပ်ပေးပါ။
Malt milk
Malt milk တွေမှာ သံဓာတ်၊ ဇင့်၊ ဖော့စဖရိတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် B အပြင် အမိုင်နိုအက်ဆစ်တို့ ပါဝင်နေတာကြောင့် ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။
ကဲ….. ညတိုင်း အိပ်မပျော်လို့ မနက်မထချင်ဘူး။ အလုပ်လုပ်တဲ့အခါ ခေါင်းမကြည်ဘူးဖြစ်နေတယ်ဆိုသူတွေ ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်နော်။
ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”