မိတ္ထီလာ  ၆   စက်တင်ဘာ 

 

မိတ္ထီလာမြို့၌  ၁၃၆ ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦး စေတီဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၆ နံနက် ၆ နာရီက  အဆိုပါစေတီတော်တန်ဆောင်းနှင့် မုခ်ဦးအနီးတွင်  ကျင်းပကြောင်း သိရသည်။  

 

ရှေးဦးစွာ ဖောင်တော်ဦးစေတီတော်တန်ဆောင်းအတွင်းရှိ သမိုင်းဝင်ဖောင်တော်ဦး စေတီတော်အား ဗုဒ္ဓဘိသေကအနေကဇာ တင်ခြင်းကို နိုင်ငံတော်သြဝါဒါစရိယ အသောကာရုံရေလည်တိုက် ကျောင်းဆရာတော် ဘဒ္ဒန္တဘာလာဝ အမှူးပြုသော ပင့်သံဃာတော် ၁ဝ ပါးတို့ က ပြုတော်မူကြသည်။ ဆက်လက်၍ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တလာဘာဝတ အမှူးပြုသောသံဃာတော်များအား အရုဏ်ဆွမ်း ကို ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဌေးဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းငြိမ်းအောင်နှင့် ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညို နှင့်စေတနာရှင်အလှူရှင်များက ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ တရားတော်ကို  နာယူကြသည်။ ဆက်လက်၍ ၁၃၆ ကြိမ်မြောက်  သမိုင်းဝင်ဖောင်တော်ဦး စေတီဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို မုခ်ဦးအနီးတွင်ကျင်းပရာ ပွဲတော်အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်မိုး ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်  ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးသန်းဌေးဦး ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညို နှင့် မြို့မိမြို့ဖ ဦးကျော်ဇေယျ တို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ယခုနှစ် မိတ္ထီလာမြို့ ၁၃၆ ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦး စေတီဗုဒ္ဓပူဇနိယ ပွဲတော်ကို စက်တင်ဘာ ၆ မှ ၁၅ အထိ ဆွမ်းသပိတ် လောင်းလှူပွဲ၊လှေပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ၊ ချားရဟတ်များ ၊ ဘုရားပွဲဈေးဆိုင်ခန်းများပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၉ မှ စက်တင်ဘာ ၁၃( တော်သလင်းလပြည့်နေ့) အထိ လှေပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

 ချမ်းသာ (မိတ္ထီလာ)