မန္တလေး ၆ စက်တင်ဘာ
လုပ်ငန်းတွင် ထိခိုက်၍ အမြဲတမ်း မသန်စွမ်းသူများအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ကနောင်လမ်းရှိ ပါဝါဓာတ်ခဲစက်ရုံ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းဦး က လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၃) တွင် အကျုံးဝင် မှတ်ပုံတင်ထားသော ပါဝါဓာတ်ခဲစက်ရုံမှ အာမခံအလုပ်သမား ဦးနိုင်မင်းစိုးသည် ၁၀.၂.၂၀၁၈ ရက်နေ့တွင် ဓာတ်ခဲပြုလုပ်သော စက်သန့်ရှင်းရေးပြုလုပ်စဉ် ကြိတ်စက်ပင်နေယံအသွားကြားသို့ လက်ဝဲလက်ညှပ်မိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါ အာမခံအလုပ်သမား ဦးနိုင်မင်းစိုးအား လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄၁၉၁၂၆၄ (လေးဆယ့်တစ်သိန်းကိုးသောင်းတစ်ထောင်နှစ်ရာ ခြောက်ဆယ့်လေးတိတိ) အား တိုင်းဒေသကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းဦးက အမြဲတမ်း မသန်စွမ်းမှုအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် ပေးအပ်သည်။
အလားတူ လပ်ကီးစားသောက်ဆိုင်မှ အာမခံအလုပ်သမား ဦးရွှေမင်းထိုက်သည် ၂၉. ၈. ၂၀၁၈ ရက်နေ့တွင် မြေပဲမွှေသည့်စက်၏ ဒလက်နှင့်လက်အိတ်ငြိပါပြီး ညာဘက်လက်ထိခိုက်မှုအတွက် ငွေကျပ် ၁၉၄၀၄၀ဝ (တစ်ဆယ့်ကိုးသိန်းလေးသောင်းလေးရာ တိတိ) အား ဒေါ်နှင်းနှင်းဦး က ပေးအပ်သည်။ ယင်းနောက် လူမှုဖူလုံရေးအကျိုးခံစားခွင့် ရရှိသူများကိုယ်စား ပါဝါဓာတ်ခဲစက်ရုံမှ HR မန်နေဂျာ ဦးနေလင်းဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စက်ရုံမှ ဝန်ထမ်းများနှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိသူ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


